မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မြန်မာနိုင်ငံသား ၂၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် နယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဇွန်လ ၁၆ ရက် နံနက် ၈ နာရီခွဲတွင် နယ်စပ်ထဲသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာနေသည်ဟု ဒေသခံများက သတင်းပေးတိုင်ကြားခဲ့သည်။
ထို့ကြောင့် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ထိုးဖားဖမ်းဒေသရှိ ရာဘာတောထဲသို့ သွားရောက်၍ ရှာဖွေစစ်ဆေးစဉ် တောထဲတွင် ပုန်းနေသော မြန်မာနိုင်ငံသား ၂၄ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂ ဦး ပါဝင်ပြီး အားလုံးက ထိုင်းစကားမပြောတတ်ကြသလို ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများလည်း မရှိကြကြောင်း စစ်ဆေးမှုရလဒ်ကို ဖော်ပြထားသည်။
မြန်မာနိုင်ငံသားအများစုက မန္တလေးတိုင်းမှ လာကြသူများဖြစ်ပြီး ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာကြကြောင်း ဘာသာပြန်မှတစ်ဆင့် ထွက်ဆိုထားသည်။
ထိုင်းနယ်စပ်သို့ အရောက်တွင် ဆိုင်ကယ်၊ လှေများဖြင့် သွားလာခဲ့ပြီးနောက် နောက်ထပ်နေရာသို့ ဆက်သွားရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။
အားလုံးသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဝင်လာကြခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် ဘတ် ၅၅၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ထွက်ဆိုချက်ကို ဖော်ပြသည်။
ဖမ်းဆီးခံရသူအားလုံးကို ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သော ဇွန်လ ၁၂ ရက်နေ့ကလည်း မလေးရှားသွားမည့် မြန်မာနိုင်ငံသား ၄၄ ဦး ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသတွင်ပင် ဖမ်းဆီးခံရသေးသည်။
Ref: Kanchanaburi News, MGR Online