မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ များနေကြောင်း မွန်ပြည်သစ်ပါတီ၊ အမျိုးသားကျန်းမာရေးဌာန၏ အချက်အလက်များအရ သိရသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအနက် ရေချောင်းဖျားဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ငှက်ဖျားဖြစ်ပွားသူ ၂၂၂ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးဌာန၏ အချက်အလက်များအရ သိရသည်။
“အဓိက ရေးချောင်းဖျားဒေသမှာက တောတောင်ထူထပ်တယ်။ မြစ်တွေ ချောင်းတွေ ပေါများတော့ ငှက်ဖျားပိုး သယ်ဆောင်တဲ့ ခြင်တွေလည်း ပေါ်တယ်။ နောက်တခုက ခြင်ထောင်မရှိဘဲ နေကြလို့လည်း ငှက်ဖျား ပိုအဖြစ်များတာပါ” ဟု အထက်ပါဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ရေးချောင်းဖျားဒေသတွင် ခြင်ထောင်နှင့် ခြင်နှိမ်နှင်းဆေးတို့ကို ယခင်က နှစ်စဉ်နှစ်တိုင်း ဖြန့်ဝေပေးခဲ့သော်လည်း အလှူရှင်ထံမှ အကူအညီ ပြတ်တောက်သွားသည့်အတွက် ၂၀၂၄ ခုနှစ်ကစပြီး ဖြန့်ဝေပေးသည့်အစီအစဉ်ကို ရပ်နားခဲ့ကြောင်း အမျိုးသားကျန်းမာရေးဌာနထံမှ သိရသည်။
လက်ရှိတွင် ငှက်ဖျားရောဂါဆိုင်ရာ အသိပညာပေးဟောပြောမှု လုပ်ဆောင်နေသည့်အပြင် ကျေးရွာဆေးပေးခန်းတို့ တွင်လည်း ကျန်းမာရေးစေတနာ့ဝန်ထမ်းများ (volunteers) ထားရှိထားကြောင်း အထက်ပါဌာနထံမှ သိရသည်။
ပြည်သူများအနေဖြင့်လည်း ငှက်ဖျားရောဂါပိုး သယ်ဆောင်သည့်ခြင်များ မပေါက်ဖွားအောင် ပြုမူနေထိုင်သင့်သလို ခြင်ထောင်ဖြင့် အိပ်စက်သင့်ကြောင်းလည်း ဆိုသည်။
ရေးချောင်းဖျားဒေသတွင် ၂၀၂၀ ခုနှစ်မတိုင်ခင်က ငှက်ဖျားရောဂါ ဖြစ်ပွားမှု မရှိသလောက်ဖြစ်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်ကစပြီး ငှက်ဖျားရောဂါ ပြန်အဖြစ်များလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနရှိ မှတ်တမ်းအချက်အလက်များအရ သိရသည်။