ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ဖြတ်ပိုင်းဖြင့်အလှူခံမှု ဝေဖန်ခံရ၊ နားလည်မှုလွဲခြင်းဟု တက္ကသိုလ်ဘက်ကပြော

February 17, 2026

ဓာတ်ပုံ - Myeik University / Internationalization

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ယာဥ်ဝင်ခွင့်လက်မှတ်နှင့်အတူ မြို့ခံ ပရဟိတအသင်းတစ်ခု၏ အလှူခံဖြတ်ပိုင်းဖြင့် အလှူခံခြင်းအပေါ် ဘွဲ့ယူလာသူများနှင့် ကျောင်းသားကျောင်းသူများအကြား ဝေဖန်မှုရှိခဲ့သည်။

၁၆ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။

“ထိပ်မှာ (အဝင်ပေါက်) က တစ်ခါကောက်တယ်။ ကားထားတဲ့နေရာမှာက တစ်ခါကကောက်တယ်။ သဒ္ဓါ (ပရဟိတအဖွဲ့) က ကောက်တယ်လို့ ပြောတယ်” ဟု ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဘွဲ့နှင်းသဘင်တက်ခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။

ဘွဲ့နှင်းသဘင်တွင် ပရဟိတအဖွဲ့က ဖြတ်ပိုင်းပေးပြီး အလှူငွေ ကောက်ခံခြင်းသည် မသက်ဆိုင် မဆီလျော်ကြောင်း လူမှုကွန်ရက်တွင် ဘွဲ့ယူကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံအချို့က ဝေဖန်ကြသည်။

အလှူငွေကောက်ခံမှုနှင့်ပတ်သက် ဝေဖန်မှုများရှိနေသည့်အပေါ် သဒ္ဓါပရဟိတအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ တက္ကသိုလ်ဘက်သို့သာ မေးမြန်းရန် ပြောဆိုခဲ့သည်။

မြိတ်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကမူ မဖြစ်မနေအလှူခံခြင်းမျိုး မဟုတ်ဘဲ အဆက်အသွယ်ရရှိစေရန် ဖြတ်ပိုင်းဝေခြင်းမျိုးသာဖြစ်ပြီး နားလည်မှု လွဲကြခြင်းဖြစ်သာကြောင်း ပြောသည်။

“ဘွဲ့နှင်းသဘင်မှာ ယာဥ်ဝင်ခွင့်ကို ဝန်ထမ်းမလောက်လို့ အရင်ကတည်းက ဘ/က ကျောင်းတွေကို ရန်ပုံငွေ ရပါစေဆိုပြီး အကူအညီတောင်းခဲ့တာရှိတယ်။ အခုက အဲဒီကျောင်းတွေက မလုပ်ပေးနိုင်တော့လို့ တက္ကသိုလ်ရဲ့ လူမှုရေးကိစ္စတွေမှာ အမြဲကူညီပေးတဲ့ ပရဟိတအဖွဲ့ကို အကူအညီတောင်းတာပါ။ ဖြတ်ပိုင်းကိစ္စက အတင်းအလှူခံတာမျိုးမဟုတ်ဘဲ သူတို့အဖွဲ့ရဲ့ contact ကိုသိအောင် ဝေမျှရင်းဖြစ်သွားတဲ့ သဘောပါ ” ဟု ၎င်းက ဆိုသည်။

ယာဥ်ဝင်ခွင့်ကြေးကိုလည်း တက္ကသိုလ်ဘက်က မယူဘဲ လမ်းကြောင်းရှင်းခြင်းနှင့် ယာဥ်အပ်ခံခြင်း လာရောက် ကူညီဆောင်ရွက် ပေးသည့်အဖွဲ့အစည်းကို ရန်ပုံငွေအဖြစ်သာ ပေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ယခုနှစ် ဘွဲ့နှင်းသဘင်တွင် ယာဥ်ဝင်ကြေးအဖြစ် ဆိုင်ကယ်တစ်စီးလျှင် တစ်ထောင်ကျပ်နှင့် ကားတစ်စီးလျှင် နှစ်ထောင်ကျပ် ကောက်ခံနေသည်။

ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် အဆိုပါ ပရဟိတအဖွဲ့ဘက်က ဘွဲ့နှင်းသဘင်တွင် ဆက်လက်ဆောင်ရွက်ပေးခြင်း မရှိတော့သဖြင့် လမ်းကြောင်းရှင်းခြင်းနှင့် ယာဥ်အပ်ခံခြင်းအတွက် အခက်အခဲဖြစ်နေကြောင်း တက္ကသိုလ်ဘက်က ဆိုသည်။

၁၆ ကြိမ်မြောက် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် နေ့သင်တန်းဘွဲ့ယူသူ သုံးရာကျော်နှင့် အဝေးသင် ဘွဲ့ယူသူ တစ်ထောင်ကျော် ရှိကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းထံမှ သိရသည်။