မောင်းမကန်ကမ်းခြေသို့ လာရောက်လာပတ်သည့် အဖွဲ့တစ်ဖွဲ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နံနက်ပိုင်းက ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မောင်းမကန်ကမ်းခြေသို့ ထားဝယ်မြို့မှ လာရောက်လည်ပတ်သည့် ခရီးသွား ဧည်သည့်အဖွဲ့တစ်ဖွဲ့ မိန်းကလေးသည် ယနေ့ နံနက် ၁၀ နာရီ ကျော်တွင် ရေဆင်းကစားရာမှ ရေနစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါမိန်းကလေးကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက လိုက်လံဆယ်ယူရာ နှစ်ဦးစလုံး ရေနစ်သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။
“ကလေးမလေးက ဆေးခန်းရောက် သေးတယ်။ သွားကယ်တဲ့ သူက ရေအောက်က အိုင်ထဲကျပြီး မျောသွားတာ အနားက လှေသမားတွေ သွားဆယ်လာတယ်။ အသက်ကတော့ မရှိတော့ဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။
သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့က လူနာတင်ယာဉ် တစ်စီးနှင့် ဇမ္ဗူသီရိအဖွဲ့က လူနာတင်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်သယ်ဆောင်ပြီး ထားဝယ် ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့က ထုတ်ပြန်သည်။
မောင်းမကန်ကမ်းခြေတွင် ယခုရက်ပိုင်းသည် ရေ တက်ရက်များသောကြောင့် ကမ်းခြေအပေါ်အထိ ရေတက်လေ့ရှိကြောင်း မောင်းမကန် ဒေသခံအချို့က ဆိုသည်။
ထို့ကြောင့် ခရီးသွားများ ကမ်းခြေသို့ လာရောက်လည်ပတ် ရေကစားရာတွင် ရေမျက်နှာပြင် အောက်ခြေ၌ ရေလှိုင်း တိုက်စား၍ ဖြစ်ပေါ်သော သဲချိုင့်ခွက်များကို သတိထားရန်လိုအပ်ကြောင်း ၎င်းတို့က ပြောဆိုသည်။







