ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် စစ်အာဏာရှင်တပ် ဖမ်းဆီးထားသည့် ဒေသခံအချို့၏ မိသားစု ခြိမ်းခြောက်ငွေညှစ်ခံရ

February 17, 2026

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသူအချို့၏ မိသားစုဝင်များကို လောင်းလုံးမြို့မ စခန်းမှူးဟုဆိုကာ အမည်မသိ အမျိုးသားအချို့က ခြိမ်းခြောက်ပြီး ငွေကျပ် သိန်းဆယ်နှင့်ချီ၊ ရာနှင့်ချီ ငွေညှစ်မှုများ ကြုံနေရကြောင်း ကိုယ်တိုင်ကြုံရသူများက ပြောဆိုသည်။

Dawei Watch က စုံစမ်း‌ရသမျှ လောင်းလုံးမြို့နယ်တွင် ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခံရသူ နှစ်ဦးရှိပြီ ဖြစ်သည်။

ပထမတစ်ဦးမှာ စစ်အုပ်စု ရွေးကောက်ပွဲအကြိုကာလ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ရက်တွင် လောင်းလုံးမြို့ပေါ်ရှိ ကြံ့ခိုင်ရေး ပါတီရုံး ပေါက်ကွဲ၊ မီးလောင်မှုဖြစ်ပွားစဉ်က ဖြစ်သည်။

ထိုစဉ်က လောင်းလုံးမြို့ပေါ်သို့ ဆိုင်ကယ်ဖြင့်သွားသည့် လူလတ်ပိုင်း အမျိုးသားနှစ်ဦးကို စစ်အာရှင်တပ်က ဖမ်းဆီးပြီး လောင်းလုံးမြို့မ ရဲစခန်းတွင် အချုပ်ချထားခဲ့ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။

ထိုကဲ့သို့ အချုပ်ချထားစဉ် လောင်းလုံးမြို့မရဲစခန်းမှ စခန်းမှူးဟုဆိုကာ ဗမာစကားဖြင့် အမျိုးသားတစ်ဦး မိသားစုဝင်တို့ထံ ဖုန်းဆက်လာပြီး ငွေကျပ်သိန်း ၃၀ ဖြင့် ရွေးရန် စတင်ပြောဆိုလာခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် မိသားစုဝင်က ပြောသည်။

ပြန်မရွေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

မိသားစုဝင်တို့က လက်မခံသဖြင့် ငွေညှစ်သူများက နေအိမ်အထိလိုက်လာပြီး ငွေညှစ်ခဲ့သေးသော်လည်း မိသားစုဝင်တို့က ငွေ မပေးသဖြင့် ပြန်သွား‌ကြကြောင်း အထက်ပါ မိသားစုဝင်က ပြောဆိုသည်။

“အိမ်ကိုလာတာ ယောင်္ကျားနှစ်ယောက်။ ဆိုင်ကယ် တစ်ယောက်တစ်စီးစီနဲ့ လာတယ်။ ပထမ ဈေးကိုလာဖို့ ချိန်းတယ်။ ကျွန်မက မသွားတော့ အိမ်ကို စုံစမ်းပြီးရောက်လာတာ။ ပိုက်ဆံတော့ မပေးလိုက်ဘူး။ ပေးဖို့ မရှိဘူးပြောလိုက်တာ အေးအေးဆေးဆေးပဲ ပြန်သွားကြတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ခြိမ်းခြောက်ငွေတောင်းပြီး‌ ရက်ပိုင်းအကြာတွင်မူ အဖမ်းခံရသူနှစ်ဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း အထက်ပါ မိသားစုဝင်က ပြောသည်။

နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် ညင်း‌မော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ဥယျာဉ်ခြံများထဲရှိ ဒေသခံများကို ဖမ်းဆီးသွားခဲ့ရာ ယင်းတို့အထဲတွင် အသက်မပြည့်သေးသည့် ကလေးအချို့လည်းပါဝင်ခဲ့သည်။

ထိုသတင်းကို Dawei Watch ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြခဲ့ပြီးဖြစ်သည်။

ထိုသို့ဖမ်းခေါ်သွားသည့် ကလေးများအနက် အသက် ၉ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး၏ မိခင်ထံသို့ အမည်မသိ အမျိုးသားတစ်ဦးက ဖုန်းဆက်လာပြီး ငွေကျပ်သိန်း ၁၀၀ ဖြင့် ရွေးရန် ခြိမ်းခြောက်ခဲ့ကြောင်း ‌ကာယကံရှင်မိသားစုနှင့် နီးစပ်သူတို့က ပြောဆိုသည်။

“တောင်းတဲ့ ငွေမပေးနိုင်ရင် ခင်ဗျားသမီးအတွက် တွင်းတူးထားလိုက်တော့ ဆိုပြီပြောတယ်တဲ့” ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့မရဲစခန်းမှ စခန်းမှူးဟုပင်ပြောဆိုပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော် ‌တောင်းသည့်ငွေကိုပေးရန် ချိန်ဆိုသည့်နေရာသို့ မသွားရဲသဖြင့် ငွေမပေးခဲ့ရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

၎င်း အသက် ၉ နှစ်ဝန်းကျင်အရွယ် မိန်းကလေးသည်လည်း ငွေတောင်းခံရပြီး ရက်ပိုင်းအကြာတွင် အခြား အဖမ်းခံရသူများနှင့်အတူတူ ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

လောင်းလုံးမြို့နယ်ရှိ အခြားကျေးရွာတို့တွင်လည်း အလာတူ စစ်အာဏာရှင်တပ် ဖမ်းဆီးခြင်းခံရသူသည့် မိသားစုဝင်တို့ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ခြိမ်းခြောက်ငွေညှစ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။