ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပလမြို့ ဇရပ်ဆိပ်ရွာတွင် ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းကြောင့် သေဆုံး

February 17, 2026

ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ကျေးရွာက ဇနီးမောင်နှံနှစ်ဦး ဓနိဖက်ခုတ်ရန်သွားစဥ် လမ်းတွင် မြေမြှုပ်မိုင်းကြောင့် ‌သေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်များထံမှ သိရသည်။

မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့် နေရာဘက်သို့ အဆိုပါဇနီးမောင်နှံသည် ဖေဖော်ဝါရီလ ၁၃ ရက်က ဓနိဖက်ခုတ်ရန် သွားစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးကြောင်း ၎င်းတို့က ပြောသည်။

မြေမြှုပ်မိုင်း မည်ကဲ့သို့ ပေါက်ကွဲခဲ့သည်ကိုမူ တိတိကျကျ မသိရကြောင်း ဒေသခံများက ဆိုသည်။

အသက် ၄၀ ဝန်းကျင်အရွယ် အဆိုပါဇနီးမောင်နှံနှစ်ဦးကို ရွာအနီးရှိ ဆေးခန်းသို့ ပို့ဆောင်ချိန် အမျိုးသားဖြစ်သူမှာ လမ်းတွင် သေဆုံးပြီး အမျိုးသမီးဖြစ်သူမှာ ဆေးခန်းတွင် သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားနှင့် တော်လှန်ရေးတပ်များသည် ယခုမိုင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးဝန်းကျင်တွင် ရှိကြကြောင်း မြိတ်ခရိုင် အမှတ်၁ တပ်ရင်း ပြန်ကြား‌ရေးတာဝန်ရှိသူက ဆိုသည်။

“စစ်ကြောင်းထိုးရင် စကစက အမြဲဝင်နေကြတာမျိုး ရှိတယ်။ (အခုထိတာ) ဘယ်သူ မိုင်းမှန်းတော့ မသိရသေးဘူး။ အဲဒီအနားရောက်နေတဲ့ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်မရသေးဘူး” ဟု ၎င်းက ပြောသည်။

ပလမြို့ဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်လေ့ရှိသလို စစ်အာဏာရှင်က ပလမြို့ပေါ်နှင့် ကျေးရွာအချို့တွင် နေအိမ်မီးရှို့မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။