တီဗီရှေ့မှာ ထိုင်ရင်း မိမိလိုချင်တဲ့ ချန်နယ်ကို ခလုတ်နှိပ်ရွေးချယ်သလိုမျိုး တိုင်းပြည်ကို အဝေးကနေ အမိန့်ပေး ထိန်းချုပ်လို့ရမည်လို့ ယူဆနေကြသူများ ရှိပါသည်။
ယင်းကို ရီမုကွန်ထိုး အုပ်ချုပ်ရေး ဟု ခေါ်ဆိုနိုင်ပါသည်။ သို့သော် လက်တွေ့တွင် ပြည်သူဆိုသည်မှာ ခလုတ်နှိပ်ရာနောက် လိုက်ရမည့် စက်ရုပ်များမဟုတ်သကဲ့သို့၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုသည်မှာလည်း ဖန်သားပြင်ပေါ်က ဗီဒီယိုဂိမ်းတစ်ခု မဟုတ်ပါ။
ရီမုကွန်ထိုးတစ်ခု အလုပ်လုပ်နိုင်ရန်မှာ စက်နှင့် အနီးကပ်ရှိနေဖို့ လိုအပ်ပါသည်။ နံရံများခြားနေလျှင် သို့မဟုတ် အဝေးသို့ ရောက်ရှိနေလျှင် ခလုတ်ကို မည်မျှပင်နှိပ်စေကာမူ စက်က တုံ့ပြန်မည်မဟုတ်ပါ။
လက်ရှိ တော်လှန်ရေးကာလအတွင်း အဝေးရောက်အုပ်ချုပ်ရေးတို့ ပေါ်လာသည်။ အဝေးရောက်သင့်၊ အဝေးကနေ လုပ်သင့်သည့် အလုပ်များ လုပ်ပါက အထူးပြောမလိုပါ။ သို့သော် မြေပြင်ဖုန်တောထဲတွင် စစ်ဘေးနှင့် ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရသော ပြည်သူကို လေလိုင်းထဲမှနေ၍ ဒါလုပ်၊ ဟိုဒါမလုပ်နဲ့ ဟု အမိန့်ပေးနေခြင်းမှာ လိုင်းမမိသော ရီမုဖြင့် ခလုတ်နှိပ်နေသကဲ့သို့ အရာမထင်နိုင်ပါ။
ဗိုက်ဆာနေသော ကလေးငယ်တစ်ဦးကို ဖုန်းထဲမှနေ၍ ထမင်းခွံ့ကျွေးမည်ဟု ပြောနေခြင်းမှာ ရယ်စရာကောင်းသကဲ့သို့ပင် ဖြစ်နေပါတော့သည်။
အုပ်ချုပ်ရေးပညာရပ်ရှုထောင့်မှ ကြည့်လျှင် သတင်းအချက်အလက် ကွာဟမှုမှာ အဝေးရောက်အုပ်ချုပ်ရေး၏ အကြီးမားဆုံး အဟန့်အတား ဖြစ်သည်။ မြေပြင်တွင် အမှန်တကယ် ဘာဖြစ်နေသလဲ၊ ပြည်သူတို့၏ လတ်တလော လိုအပ်ချက်က ဘာလဲဆိုသည်ကို အဝေးမှနေ၍ ဖုန်းနှင့် အင်တာနက်လိုင်းများမှတစ်ဆင့် သိရှိရသော သတင်းများမှာ ပကတိအခြေအနေနှင့် လွဲချော်နေတတ်ပါသည်။
အဝေးမှလူက အစီရင်ခံစာများကိုသာ ကြည့်၍ ဆုံးဖြတ်ချက်ချသောအခါ မြေပြင်နှင့် ကိုက်ညီမှုမရှိသည့်အပြင် ဘေးထွက်ဆိုးကျိုးများလှသော အမိန့်ညွှန်ကြားချက်များသာ ထွက်ပေါ်လာတတ်သည်။
ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော မြေပြင်ဖြစ်ရပ်တစ်ခုရှိပါသည်။
စပါးရိတ်သိမ်းချိန်တွင် ရွာသားအချင်းချင်း မတည့်သဖြင့် လယ်ထဲသို့ စပါးရိတ်စက် ဖြတ်သန်းခွင့်မပြုသဖြင့် ဧကများစွာသော စပါးများ ဆုံးရှုံးမည့်အရေး ကြုံနေရသည့် လယ်သမားတစ်ဦး၏ ဘဝဖြစ်သည်။
ယင်းအမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ တိုင်ကြားသော်လည်း မည်သည့်ဖြေရှင်းချက်မျှ မရရှိခဲ့ပါ။ အပင်ပန်းခံ စိုက်ပျိုးခဲ့သမျှ ဆုံးရှုံးရတော့မည့် ထိုအမျိုးသမီးကြီးအတွက်မူ ထိုအုပ်ချုပ်ရေးအဖွဲ့မှာ ရှိနေခြင်းထက် မရှိခြင်းကပင် ပို၍ အဓိပ္ပာယ်ရှိနေပေလိမ့်မည်။
မြေပြင်တွင် အလားတူပြဿနာများစွာ ရှိနေသော်လည်း တိုင်ကြားရုံသာ အဖတ်တင်ပြီး အမှုမှန်မပေါ် ကြသဖြင့် ပြည်သူတို့၏ ညည်းတွားသံများမှာ နားမဆံ့အောင် ကြားနေရပါသည်။
ပြည်သူတို့၏ ယုံကြည်မှု မရှိသော အုပ်ချုပ်ရေးမှာ အနှစ်သာရမရှိသော အခွံသာ ဖြစ်သည်။
ပြည်သူတို့သည် အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သော ခေတ်ဆိုးကြီးကို ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရပြီးသူများ ဖြစ်သဖြင့် အုပ်ချုပ်သူကို ထပ်မလိုချင်ကြတော့ဘဲ ဝန်ဆောင်မှုပေးသူကိုသာ တောင်းတနေကြသည်။
အစစ်အမှန် အုပ်ချုပ်သူဆိုသည်မှာ ပြည်သူနှင့်အတူ မြေကြီးပေါ်တွင် ခြေချနေထိုင်ရပါမည်။ ပြည်သူတို့ ဗုံးခိုကျင်းထဲဝင်လျှင် အတူဝင်၍၊ ပြည်သူတို့ ငတ်မွတ်လျှင် အတူဗိုက်မှောက်ခံနိုင်ရပါမည်။ သို့မှသာ အုပ်ချုပ်ရေးယန္တရားအပေါ် ယုံကြည်မှုရှိလာပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမည် ဖြစ်သည်။
လက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွင် ငွေကြေး၊ လုံခြုံရေးနှင့် လူသားရင်းမြစ် အခက်အခဲများ ရှိနေသည်ကို နားလည်နိုင်သည်။ သို့သော် ယင်းတို့ကို အကြောင်းပြချက်သက်သက်အဖြစ် အမြဲတမ်း အသုံးချ၍မရပါ။
ပြည်သူတို့သည် အကြောင်းပြချက်ထက် ရလဒ် ကိုသာ ကြည့်လိုကြသည်။
ထို့ကြောင့် အပေါ်မှ အမိန့်ပေးခြင်းထက် အောက်ခြေမှ တက်လာသော အသံကို နားထောင်သည့်စနစ်ကို ကျင့်သုံးရပါမည်။ မြေပြင်တွင် တကယ်လုပ်နိုင်စွမ်းရှိပြီး ပြည်သူနှင့် ထိတွေ့နေသူများကို လုပ်ပိုင်ခွင့်အစစ်အမှန် ပေးအပ်ရန် လိုအပ်ပါသည်။
လူဆိုသည်မှာ စိတ်ခံစားချက်နှင့် အသိဉာဏ်ရှိသော သက်ရှိများ ဖြစ်ပါသည်။ အဝေးမှနေ၍ ရီမုဖြင့် ခလုတ်နှိပ်၍ရသော စက်ပစ္စည်းများ မဟုတ်ကြပါ။
တကယ်အုပ်ချုပ်လိုလျှင် ပြည်သူနှင့်အတူ တသားတည်းရှိစေချင်သည်။ တကယ်ဝန်ဆောင်မှု ပေးစေချင်သည်။
ငါတို့ကိုယ်တိုင်လုပ်မှ ဖြစ်မည်ဟု ယူဆလျှင်လည်း ရီမုကွန်ထိုးကို လွှတ်ချပစ်ပြီး မြေပြင်က ပြည်သူတို့၏လက်ကို အမြန်ဆုံးလာရောက် ဆွဲကိုင်ကြပါရန် အကြံပြုတိုက်တွန်းလိုခြင်းဖြစ်သည်။
နောန်ပြည့်ဝ







