ထိုင်းနိုင်ငံ စထွန်းခရိုင်တွင် လုပ်ကိုင်နေသော မြန်မာငါးဖမ်းသမားတစ်ဦးသည် ငါးဖမ်းလှေတွင် ကျောက်ချစဉ် မတော်တဆ ကြိုးဖြင့်ပတ်မိသွားသဖြင့် ခြေထောက်တွင် အပြင်းအထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကော့တားဘိုင်းကျွန်းအနီး ငါးဖမ်းလှေပေါ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က မတော်တဆဖြစ်မှုကြောင့် မြန်မာအလုပ်သမား တစ်ဦး ဘယ်ဘက်ခြေထောက် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို လှေဦးစီးက ကမ်းခြေစောင့်တပ်ကို အရေးပေါ်အကြောင်းကြားခဲ့ကြောင်း ရေးသားထားသည်။
ကမ်းခြေစောင့်တပ်များ ရောက်ရှိလာသောအခါ အသက် ၅၆ နှစ်အရွယ် မြန်မာငါးဖမ်းသမားတွင် ဘယ်ဘက်ခြေထောက် ပြတ်လုနီးပါးအထိ ဒဏ်ရာရထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
ဒဏ်ရာကို သွေးတိတ်စေရန် ရှေးဦးပြုစုကုသခဲ့ပြီး ပတ်တီးစည်းကာ ကမ်းခြေသို့ အရေးပေါ်လှေဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကမ်းခြေမှတဆင့် လငူဆေးရုံသို့ အရေးပေါ်ကားဖြင့် ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
ထိုင်းရောက် မြန်မာငါးဖမ်းသမားများတွင် လုပ်ငန်းခွင်တွင် အန္တရာယ်မဖြစ်စေရန် ဝတ်ဆင်ရသော လုံခြုံရေး အကာအကွယ် ဝတ်စုံများ မရှိသဖြင့် ထိခိုက်ဒဏ်ရာ မရရှိစေရန် အထူးသတိထား ဆောင်ရွက်စေလိုကြောင်း ထိုင်းတောင်ပိုင်းရှိ လုပ်သက်ရှည် မြန်မာငါးဖမ်းသမားတစ်ဦးက တိုက်တွန်းသည်။
Ref: MGR Online