ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀ ဦးသည် နစ်နာကြေး ဘတ် ကိုးသောင်းနီးပါးရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သော အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၇ရက်က မြန်မာအလုပ်သမား ၁၀ဦးကို နောက်ဆုံး လစာကို ရယူရန် အလုပ်ထွက်စာတွင် လက်မှတ်ထိုးခိုင်းပြီး နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။
အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားများက နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ LRF အဖွဲ့ထံ အကူအညီလာရောက် တောင်းခံခဲ့သဖြင့် အလုပ်သမားများနှင့်အတူ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ သွားရောက် တိုင်ကြားခဲ့ကြောင်း LRF ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၅ ရက်တွင် ဆာဝါဒီကန်ရုံး၌ အလုပ်ရှင်က အလုပ်သမားများနှင့် လာရောက်ဆွေးနွေးခဲ့ပြီး အလုပ်ထုတ် နစ်နာကြေးအတွက် ဘတ် ၈၉၅၀၀ ကို ပေးဆောင်ခဲ့ကြောင်း Labour Rights Foundation အဖွဲ့မှ ကိုအောင်မျိုးသိန်းက ပြောသည်။
“အခုက အလုပ်သမားတွေက လက်မှတ်ထိုးလိုက်လို့ ဒီလောက်ပဲ ရတာ။ တကယ်လို့ မထိုးဘူးဆိုရင် ပိုရမှာပေါ့နော်။ သူတို့ကလည်း ဒီဟာကို လက်မှတ်ထိုးပေးမှ နောက်ဆုံးလစာရမှာဆိုတော့ ထိုးလိုက်ကြတယ်” ဟု ၎င်းက ဆိုသည်။
အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားများသည် လုပ်သက် သုံးလခန့်သာရှိသေးသည့် အလုပ်သမားများ ဖြစ်ကြောင်း ကိုအောင်မျိုးသိန်းက ပြောဆိုသည်။
အကယ်၍ အလုပ်သမားများသည် အလုပ်ထွက်စာတွင် လက်မှတ်မထိုးခဲ့ပါက လုပ်သက်အလိုက် ရရှိသော အလုပ်ထုတ် နစ်နာကြေးအပြင် ကြိုတင်အကြောင်းမကြားသဖြင့် ပေးဆောင်ရသော နစ်နာကြေးကိုပါ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် ရုတ်တရက် အလုပ်ထုတ်ခံရပါက လက်မှတ် မထိုးကြရန်နှင့် နစ်နာကြေးအတွက် နီးစပ်ရာ အလုပ်သမားအဖွဲ့များတွင် အကူအညီတောင်းခံကြရန် LRF အဖွဲ့က တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေအရ အလုပ်သမားများသည် အလုပ်ထုတ်ခံရပါက လုပ်သက်အလိုက် နစ်နာကြေး ခံစားပိုင်ခွင့်ရှိသည်။ လုပ်သက် ၃ လမှ ၁ နှစ်ကြား ရှိသူများသည် လုပ်အားခ ၁ လစာ၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်ကြားရှိပါက ၃ လစာ၊ လုပ်သက် ၃ နှစ်မှ ၆ နှစ်ကြားရှိပါက ၆ လစာ စသော နစ်နာကြေးများ ခံစားပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။







