မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် ဒေသခံလူငယ်အမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်ရှိ ဖိုးဝသိမ်၊ အလူးကြီးနှင့် အလူးလေးကျေးရွာဘက်ကို စစ်အာဏာရှင်တပ် အင်အား နှစ်ရာကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဖိုးဝသိမ်ရွာသားသုံးဦး၊ အလူးကြီးရွာသား နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းတို့က ပြောဆိုသည်။
“စစ်ကြောင်းက အင်အားများတယ်။ သူတို့ ဝင်လာတဲ့အချိန်မှာ တွေ့တဲ့လူကို ဖမ်းတာ။ တချို့ မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တာလည်း ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်း ဖမ်းဆီးသွားသည့် ရွာသားများသည် အသက် ၂၀ ကျော်အရွယ် လူငယ်များ ဖြစ်ပြီး ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာချုပ်ထံ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်များ စစ်မှုထမ်းသင်တန်းပို့ဆောင်ခံရမည်ကို မိသားစုဝင်များက စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်ကလည်း ဖိုးဝသိမ်းကျေးရွာထဲ စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်ရောက်လာပြီး လက်နက်ကြီး ပစ်ခတ်သောကြောင့် ဒေသခံ နှစ်ဦးထက်မနည်း သေဆုံးပြီး သုံး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်တွင် စစ်အာဏာရှင်တပ်များ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းပြအဖြစ် အသုံးပြုလေ့ရှိသည်။
ယင်းအပြင် စစ်အာဏာရှင်စစ်ကြောင်းများသည် ဒေသခံများကို ဖမ်းဆီးပြီး စစ်မှုထမ်းရန်အတွက် အသုံးပြုနေသည်လည်း ရှိကြောင်း ဒေသခံများက ပြောဆိုသည်။







