ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် တရားမဝင် နေထိုင်နေသည်ဟုဆိုပြီး မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ဖမ်းဆီးခံရကြောင်း စမွတ်စခွန်ခရိုင် ပြန်ကြားရေးဌာနနှင့် MHAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတွင် စမွတ်စခွန်မြို့၊ ခုတ်ခန်းဒေသ၊ အဆောက်အအုံတစ်ခုတွင် တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းလဝက၊ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို စစ်ဆေးစဉ်အချို့တွင် နိုင်ငံကူးလက်မှတ်များ ရှိသော်လည်း ပြည်ဝင်ခွင့် ဗီဇာတုံး မရှိကြောင်း၊ အချို့တွင် စာရွက်စာတမ်းများ လုံးဝမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူ ၁၃၁ဦးရှိကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံသားများသည် စက်ရုံများတွင် အလုပ်ဝင်နိုင်ရန် ပွဲစားများက မဟာချိုင်ထဲရှိ နေအိမ်တွင် စောင့်ခိုင်းခဲ့ပြီးနောက် ပွဲစားများ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ဟု မြန်မာများက ထွက်ဆိုချက်ကြောင်း သတင်းများတွင် ဖော်ပြသည်။






မြန်မာနိုင်ငံသားများသည် စက်ရုံတွင် အလုပ် လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို ဘတ် လေးသောင်းအထိ ပေးချေထားပြီး ဖြစ်ကြောင်း ထွက်ဆိုထားသည်။
၎င်းတို့သည် နယ်စပ်ဒေသများဖြစ်သော ရနောင်း၊ ကန်ချနဘူရီ၊ တာခ့်ခရိုင်များမှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာကြကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများကို စမွတ်စခွန်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူပြီးပါက နေရပ်ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
တရားမဝင် နေထိုင်သူများကို နေထိုင်၊ ပို့ဆောင်ရေးတွင် ကူညီဆောင်ရွက်ပေးသူများကိုလည်း ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Thai PBS, FM 91