ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) လျှောက်ထားခွင့်ကို ရက်ရွှေ့လိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၅ ရက်မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် စတင်လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားရာမှ ယနေ့တွင် ရက်ရွှေ့လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။
နယ်စပ်အခြေအနေ ပြဿနာများကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။
မည်သည့်ရက်တွင် ပြန်လည်စတင်ပြုလုပ်ပေးမည်ကိုလည်း မဖော်ပြထားဘဲ ထပ်မံအသိပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ရေးသားထားသည်။
ဘတ်အသစ်အတွက် အမည်စာရင်း တင်သွင်းခွင့်လည်း ရက်ရွှေ့လိုက်သဖြင့် အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လဝကတွင် လက်ဗွေနှိပ် မျက်လုံးစကင်ဖတ်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များလည်း ရက်ရွှေ့သွားနိုင်ကြောင်း မြန်မာအကျိုးဆောင်များထံမှ သိရသည်။
လက်ရှိတွင် အလုပ်လုပ်ခွင့်လက်မှတ်အသစ် ပြုလုပ်ရန် မြန်မာအကျိုးဆောင်များကို ငွေပေးသွင်းထားသူများအနေဖြင့် မိမိအကျိုးဆောင်များနှင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။