ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအားလုံး အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့အထိ အမည်စာရင်း မတင်နိုင်ကြသေးကြောင်း မြန်မာအကျိုးဆောင်များထံမှ သိရသည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားခြင်းဖြစ်သည်။
သို့သော်လည်း ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ အမည်စာရင်း (Name List) တင်သွင်းခြင်းကို အစိုးရ၏ တရားဝင် website တွင် မပြုလုပ်နိုင်သေးကြောင်း ဘန်ကောက်ရှိ မြန်မာအကျိုးဆောင်တစ်ဦးက ပြောသည်။
“ပုံမှန်ဆိုရင် မနေ့ကတည်းက စပြီး Name List တွေ တင်လို့ရနေရမှာ။ အခုက သူတို့ ဝက်ဆိုက်ပြန်ဖွင့်တာပဲ စောင့်ရမလိုလို၊ ရက်ရွှေ့တဲ့ ကြေညာချက်ကိုပဲ စောင့်ရမလိုလိုနဲ့ ရှေ့ဆက်ပြီး ဘာမှ ဆောင်ရွက်လို့ မရသေးဘူး။ ဘတ်ဖွင့်မှာကတော့ သေချာပါတယ်။ ဝက်ဆိုက်ထဲ စာရင်းတင်လို့မရသေးတာ ဘာလို့လဲဆိုတာပဲ မသိရသေးတာ” ဟု ဘန်ကောက်ရှိ မြန်မာအကျိုးဆောင်က ဆိုသည်။
မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်အနေဖြင့် အစိုးရ၏ တရားဝင် ဝက်ဆိုက်ထဲတွင် အမည်စာရင်း (Name List) တင်သွင်းခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေသွင်းခြင်းများကို ကနဦး လုပ်ဆောင်ရမည်ဖြစ်သည်။
နောက်တစ်ဆင့်ဖြစ်သော ဆေးရုံတွင် သွေးစစ်ခြင်း၊ ကျန်းမာရေး အာမခံဝယ်ယူခြင်းများကို ရက်ပေါင်း ၆၀ အတွင်း ပြုလုပ်ရမည်ဖြစ်ကြောင်း အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
နောက်ထပ် လက်ဗွေနှိပ်ခြင်း၊ နိုင်ငံကူးလက်မှတ်ရှိသူများအနေဖြင့် ဗီဇာရယူခြင်းများကို ဆက်လုပ်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၁ နှစ် သက်တမ်းရရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
လက်ရှိတွင် ထိုင်းအစိုးရက အလုပ်လုပ်ခွင့်လက်မှတ်အသစ် စတင်ပြုလုပ်ပေးရန် တရားဝင် ခွင့်ပြုထားသော ရက်အတွင်း ရောက်နေသော်လည်း ပထမအဆင့်အနေဖြင့် အမည်စာရင်းမတင်နိုင်သေးကြောင်း ချင်းရိုင်ရှိ မြန်မာအကျိုးဆောင်တစ်ဦးက ပြောသည်။
“သူတို့ ဝက်ဆိုက်တွေ ပြန်ပြင်ရမယ်ထင်တယ်။ အကုန်တလွဲတွေဖြစ်နေတာ။ လူသစ်အတွက်ရော သက်တမ်းတိုးမယ့် လူဟောင်းတွေ အတွက်ရောပဲ။ လူဟောင်းတွေဆို ငွေသွင်းပြီးသားလူတွေတောင် ငွေမသွင်းရသေးဘူးလို့ Error (အမှား) ပြနေတာမျိုး တွေ့ရတယ်။ ကျွန်တော်တို့က စောင့်ကြည့်ရမှာပဲ” ဟု ချင်းရိုင်က မြန်မာအကျိုးဆောင်က ဆိုသည်။
ထိုင်းအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားခန့်အပ်ရေးဌာန ဝက်ဆိုက် eworkpermit.doe.go.th တွင် ဝင်ရောက်ပြီး အလုပ်သမား မှတ်ပုံတင်ရန် လျှောက်လွှာတင်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေပေးချေခြင်း၊ အလုပ်ရှင် ပြောင်းလဲခြင်းများကို အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။
ထို့ကြောင့် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်မည့်သူများအပါအဝင် လူဟောင်းသက်တမ်းတိုးသမားများလည်း ယင်းဝက်ဆိုက်ထဲ လုပ်ငန်းစဉ်များကို ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်ရာ ယခုတရားဝင် ဝက်ဆိုက်ထဲတွင် ပြုလုပ်၍ မရသေးသဖြင့် လူသစ်ရော လူဟောင်းရော အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မြန်မာအကျိုးဆောင်က ပြောသည်။
လက်ရှိတွင် အစိုးရ ဝက်ဆိုက်ထဲ အလုပ်လုပ်ခွင့်လက်မှတ်အသစ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်းခွင့် မရသေးသည့် အကြောင်းအရင်းကိုမူ ထိုင်းအစိုးရဘက်ကလည်း တရားဝင် ထုတ်ပြန်ခြင်းမရှိသေးသဖြင့် မသိရသေးပေ။
အလုပ်လုပ်ခွင့် လက်မှတ်အသစ်ပြုလုပ်ရန်အတွက် ထိုင်းအစိုးရထံသို့ ကုန်ကျငွေ စုစုပေါင်း ၂၉၈၀ ဘတ်မှ ၃၈၇၀ ဘတ်သာ ကုန်ကျမည်ဖြစ်ကြောင်း ကြေညာထားသည်။