BREAKING
October 19, 2025

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၆၀ ကျော် ထပ်မံဖမ်းဆီးခံရ

September 16, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၆၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ထိုးဖားဖမ်းဒေသ၌ ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများကို နှစ်ကြိမ်အထိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်က ပထမအကြိမ် ဖမ်းဆီးရာတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

၎င်းတို့ကို ပို့ဆောင်လာသော ထိုင်းကားသမားများမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့မှ လာရောက်ကြပြီး ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် စန်ခရာဘူရီ ဒေသထဲသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့သည် အယုဒ္ဓယနှင့် စူရတ်ဌာနီခရိုင်များသို့ သွားရောက်လုပ်ကိုင်ရန် ဝင်လာကြပြီး ခရီးစရိတ်အတွက် ဘတ် ၁၅၀၀၀ မှ ၁၈၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြသည်။

နံနက် ၆ နာရီခွဲအချိန်တွင် ကားသုံးစီးဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၁၁၃ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့နှင့်အတူ ကားသုံးစီး၊ ထိုင်းကားသမား နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများသည် ကန်ချနဘူရီမြို့သို့ သွားစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ခရီးစရိတ်အတွင် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယခု စက်တင်ဘာလ လဝက်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၇၃၀ ကျော်အထိ ဖမ်းဆီးခံနေရပြီး တရားမဝင် ဝင်ရောက်လာစဉ် မြန်မာနိုင်ငံသား သုံး ဦး ရေနစ်ကာ သေဆုံးခဲ့သည်။

Ref: Khaosod English, Kanchanaburi News