BREAKING
October 19, 2025

ရေးတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

September 16, 2025

a&မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်းကျေးရွာအုပ်စု၊ နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဓမင်ဆိပ်‌ကျေးရွာ ရာအိမ်မှူးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၄ရက် ည ၈နာရီခန့်က နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူးဦးရွှေအနှင့် ဓမင်ဆိပ်‌ကျေးရွာ ရာအိမ်မှူး ဦးသောင်းစိန်တို့ နှစ်ဦးသည် နေအိမ်တွင်ရှိနေကြစဉ် လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေအနှင့် ဦးသောင်းစိန်တို့ နှစ်ဦးစလုံးသည် အခင်းဖြစ်ပွားသည့် နေအိမ်တွင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ ပစ်သတ်ခံရပြီးနောက် ကျေးရွာထဲသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ညတွင်းချင်း ရောက်ရှိလာပြီး လုံခြုံရေးတင်းကျပ်ထားသလို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“နှီးနှူး အုပ်ချုပ်ရေးမှူးရော ဓမင်းဆိပ်က ရာအိမ်မှူးရော နှစ်ယောက်စလုံးက အိမ်ထဲမှာပဲ ပစ်သတ်ခံရတာ။ တစ်ညတည်းပဲ။ ဘယ်အဖွဲ့က လုပ်တာလည်းတော့ မပြောတတ်ဘူး။ ဒီမှာက အဖွဲ့စုံရှိတယ်လေ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးရွှေအနှင့် ရာအိမ်မှူး ဦးသောင်းစိန်တို့ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းတို့လည်း အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။