BREAKING
October 19, 2025

မော်လမြိုင် (သံလွင်တံတား) တွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ပြီး တံတားဖြတ်ချိန် ထပ်တိုးကန့်သတ်

July 16, 2025

Photo - We Love MonState

မွန်ပြည်နယ်၊ မော်လမြိုင် (သံလွင်တံတား) တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး တံတား ဖြတ်သန်းချိန်ကိုလည်း ယနေ့ ဇူလိုင်လ ၁၆ ရက်ကစပြီး ထပ်မံတိုးမြှင့်ကန့်သတ်လိုက်ကြောင်း ဖြတ်သန်းသွားလာနေသူများနှင့် မြို့ခံတို့ထံမှ သိရသည်။

သံလွင်တံတား (မော်လမြိုင်) ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တပ်အင်အားများ တိုးချထားပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအပြင် ညပိုင်းတံတားဖြတ်သန်းခွင့်အချိန်ကိုလည်း ယခင် နံနက် ၅နာရီမှ ည ၉ နာရီအထိ ခွင့်ပြုထားရာမှ ဇူလိုင် ၁၆ ရက်ကစပြီး နံနက် ၆နာရီမှ ည ၈ နာရီအထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။

“ဘာကြောင့်လဲတော့ ကျွန်တော်တို့လည်း မသိဘူး။ သူတို့က မဖြတ်ရဘူးဆိုရင် ကျွန်တော်တို့က ဖြတ်လို့မရဘူး။ အခက်အခဲကတော့ အများကြီးပါ။ သွားချင်တဲ့အချိန် သွားမရဘူးလေ” ဟု ကားသမားတစ်ဦးက ပြောသည်။

တံတားဖြတ်သန်းသွားလာချိန် ထပ်မံကန့်သတ်လိုက်ခြင်းကြောင့် ခရီးသွားလာသူများ၊ ကားသမားများ အထူးသဖြင့် လူနာတင်ယာဉ်များ၊ ကုန်တင်ယာဉ်များအတွက် အခက်အခဲ ဖြစ်စေကြောင်း ကားသမားများနှင့် ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီက သံတားဖြတ်သန်းချိန် ထပ်မံကန့်သတ်လိုက်သည့်အကြောင်းအရင်း အသေးစိတ် မသိရှိသော်လည်း လုံခြုံရေးကြောင့် ဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။

“သူတို့ (စစ်ကောင်စီတပ်) က တစ်ခုခုဆိုရင် တပ်အင်အားတွေ ချပြီးတော့ လုံခြုံရေးတွေ တိုးမြှင့်လာမယ်။ အစစ်အဆေးတွေ လုပ်လာမယ်။ အခုလည်း သူတို့ တစ်ခုခုကို စိုးရိမ်လို့ဖြစ်မယ်” ဟု မော်လမြိုင်မြိုခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှု တင်းကျပ်ခြင်း မရှိသေးကြောင်း ဖြတ်သန်းသွားလာသူများထံမှ သိရသည်။

ရန်ကုန် – မော်လမြိုင် – ရေး – ထားဝယ် – မြိတ် ကားလမ်းပေါ် ရှိသည့် သံလွင်တံတား (မော်လမြိုင်) သည် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသ လမ်းပန်ဆက်သွယ်ရေး အချက်အချာကျသည့်တံတားတစ်စင်းဖြစ်သည်။