ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အိမ်တစ်ဆောင်တွင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် မြန်မာ ခုနစ်ဦး အပါအဝင် ၂၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၁၅ရက် ည ၇နာရီက ဘန်ကောက်မြို့၊ ဘန်ခေးနယ်မြေတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် လောင်းကစားဝိုင်း အကြီးအကျယ် ပြုလုပ်နေသည့်သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ခုနစ်ဦး၊ တရုတ်နိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံသား ၁၀ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာများမှာ ကစားဝိုင်းတွင် ပါဝင်ကစားသူများ သို့မဟုတ် ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူများ ဟုတ် မဟုတ် စသည်တို့ကို သေသေချာချာ မသိရသေးပေ။
၎င်းတို့နှင့်အတူ သက်သေပစ္စည်းအမျိုးအစားပေါင်း ၃၂ မျိုးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် ရေးသားထားသည်။
သက်သေပစ္စည်းများထဲတွင် ဘားကရက်ကစားသည့်ခုံ (Baccarat) သုံးလုံး၊ မော်နီတာ ကိုးလုံး၊ တန်ဖိုးသတ်မှတ်ထားသော ငွေကြေးကတ်ပြားများ ဘတ် ၂၇၄ သန်းကျော်ဖိုး ၊ ငွေသား ဘတ် ၃၆၀,၀၀၀ ကျော်နှင့် အခြား လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ ပါဝင်သည်။
ဝင်ရောက်ဖမ်းဆီးစဉ် အချို့သည် ပြတင်းပေါက်များက ခုန်ချထွက်ပြေးကြသဖြင့် ဒဏ်ရာရရှိသူများရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ဆိုသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအပါအဝင် အားလုံးကလည်း ရှမ်းကိုးမီးကစားနည်းနှင့် ဆင်တူသော ဘားကရက် ဖဲကစားနည်းဖြင့် လောင်းကစားပြုလုပ်နေသည်ဟု ဝန်ခံထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ဖမ်းမိသူ အားလုံးကို ဖက်ကဆန်ရဲစခန်းသို့ပို့ဆောင်ထားပြီး တရားမဝင် လောင်းကစားပြုလုပ်မှုနှင့် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံထဲတွင် လောင်းကစားပြုလုပ်မှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြသည်။
Ref: Daily News, Matichon Online, Thairath