BREAKING
June 16, 2025

ထိုင်းများသာ လုပ်ခွင့်ရှိသည့်အလုပ်ကို ဝင်လုပ်သည့် နိုင်ငံခြားသားများ နေရပ်ပြန်ပို့မည်ဟု ထပ်သတိပေး

June 16, 2025

ပုံစာ - ဇွန်လ ၉ ရက်နေ့က ဟတ်ယိုင်ရှိ လုပ်ငန်းခွင်များထဲတွင် မြန်မာနိုင်ငံသားများကို စစ်ဆေးနေစဉ်

မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားအလုပ်သမားများက ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်ခြင်း၊ အွန်လိုင်း ဈေးရောင်းခြင်းကဲ့သို့ တားမြစ်အလုပ်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ထပ်မံ သတိပေးထားသည်။

နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံထဲသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော အွန်လိုင်းဈေးရောင်းခြင်းအလုပ်ကို လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Phumipat Mueanchan က‌ပြောသည်။

အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိပဲ အွန်လိုင်းမှတစ်ဆင့် Live လွှင့် ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက တရားမဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် နိုင်ငံခြားသားများကို တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

အကယ်၍ စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်သိမ်းခံရကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သော ဇွန်လ ၁၂ရက်က ဘန်ကောက်မြို့ရှိ ရှောပင်းစင်တာတစ်ခုတွင် တရုတ်နိုင်ငံသား ၁၃ ဦး အလည်ဗီဇာဖြင့် ဝင်ရောက်လာပြီး live လွှင့် ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများကို ထိုင်းဥပဒေအရ အရေးယူထားပြီး နေထိုင်ခွင့်ဗီဇာကို ရုတ်သိမ်းကာ နေရပ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံသားများအတွက် ထိန်းသိမ်းထားသော အလုပ်များကိုလည်း နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်မှု မရှိစေရေး အရှိန်မြင့်၍ ထပ်မံ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလမှ ဇွန်လ ၁၃ ရက်နေ့အထိ ၉ လအတွင်း တားမြစ်အလုပ်ကို ဝင်လုပ်နေသော နိုင်ငံခြားသား အလုပ်သမား ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

အများစုမှာ ဈေးရောင်း၊ ဆံပင်ညှပ်၊ အလှပြင်၊ အနှိပ်သည်၊ စာရေး သို့မဟုတ် ပွဲစားနှင့် ယာဉ်မောင်းအလုပ်များဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံထဲရှိ လုပ်ငန်းခွင်များထဲတွင် မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဥပဒေနှင့် အညီ လုပ်ကိုင်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်မှုများ မြင့်တက်နေသလို ဖမ်းဆီးခံရမှုများလည်း ဆက်တိုက် တွေ့မြင်နေရသည်။

ပြီးခဲ့သော ဇွန်လ ၉ ရက်နေ့က စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲက မြန်မာနိုင်ငံသား ၁၄ ဦး၊ ဇွန်လ ၁၁ ရက်နေ့တွင် ချွန်ဘူရီရှိ လုပ်ငန်းခွင်များထဲက မြန်မာ ၁၅ ဦးနှင့် ဇွန်လ ၁၃ ရက်နေ့က နွန်ထူဘရီခရိုင်ရှိ ညဈေးထဲတွင် မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရသေးသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိပဲ အလုပ်လုပ်ခွင့်မရှိသကဲ့သို့ ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော တားမြစ်အလုပ်များကိုလည်း ဝင်ရောက်လုပ်ပိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Matichon Online, Bangkok biz news, ထိုင်းအလုပ်သမားဝန်ကြီးဌာန