ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားအချင်းချင်း အဓမ္မပြုကျင့်ခဲ့ပြီး ပြုကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း အဆိုပါကိစ္စကို လိုက်ပါကူညီနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
မေလ ၁၁ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့၊ ဘန်ဘောနယ်မြေတွင် အသက်၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးတည်း အခန်းထဲရှိနေစဉ် စက်ရုံအတူ လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦး ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
အဓမ္မပြုကျင့်သူမှာ ကိုစိုးမိုးကျော် ဆိုသူဖြစ်ပြီး ဆိုဖာစက်ရုံတွင် အလုပ် အတူလုပ်ကိုင်နေသူဖြစ်ကာ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကို တစ်ဖတ်သတ် ချစ်ကြိုက်နေသူဖြစ်ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။
အဓမ္မပြုကျင့်ခံရမှုကြောင့် အမျိုးသမီးသည် အပြင်းအထန်ဒဏ်ရာရရှိထားပြီး ဘန်ကောက်မြို့ရှိ ဆေးရုံကြီးတစ်ခုတွင် ခွဲစိတ်ကုသခဲ့ရကြောင်းMHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။
လက်ရှိအချိန်အထိ အမျိုးသမီးသည် အရေးပေါ် ICU ခန်းထဲ ကုသနေရဆဲဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စကားတောင်မပြောနိုင်ဘူး။ သားအိမ်တွေရော အမျိုးသမီးအင်္ဂါတွေရော အကုန်ပျက်စီးသွားတယ်။ အခုထိတော့ ICU ထဲမှာ ရှိနေတုန်းဆိုတော့ စိုးရိမ်နေရတုန်းပဲ” ဟု ကိုရဲမင်းက ပြောဆိုသည်။
ကိုစိုးမိုးကျော်သည် လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကိုစိုးမိုးကျော်ကို ဖမ်းဆီးအရေးယူပေးရန် မိသားစုဝင်များက ဘန်ကောက်မြို့ရှိ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး တွေ့ရှိပါက အကြောင်းကြားပေးရန်လည်း MHAC မဟာမိတ်အဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
ထိုင်းရောက် မြန်မာအမျိုးသမီးများအနေဖြင့် ညဘက် တစ်ဦးတည်းသွားလာခြင်း၊ အခန်းထဲ တစ်ဦးတည်း နေထိုင်ခြင်းတို့ကို အထူးသတိထား ဆင်ခြင်ကြရန် MHAC မဟာမိတ်အဖွဲ့က တိုက်တွန်းထားသည်။