မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူ ၃၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
မေလ ၁၄ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစု၊ အညာစု အစရှိသည့် ကျေးရွာများဘက်ကို အမတ ၃၁၀ တပ်ရင်းမှ နံနက် ၈ နာရီခွဲဝန်ကျင်ခန့်မှ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်အထိ လက်နက်ကြီး ၁၂၀-မမ ၇ လုံး ပစ်ခတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။
ယင်းအပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဆင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှလည်း ဝင်းကံကျေးရွာအုပ်စုအတွင်း လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့သည်။
ယင်းနေ့တွင်ပင် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများထဲကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်နေခြင်းတို့ကြောင့် ကျိုက်ထိုမြို့နယ်၊ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစု၊ အညာစု အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၀၀ နီးပါးတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ရွာဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ နောက်ပြီး လေယာဉ်နဲ့လည်း ဗုံးကြဲနေတယ်။ အဲလို လူထုတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်နေတော့ လူထုတွေကလည်း အသက်အန္တရာယ်အတွက် စိုးရိမ်ပြီး နေရပ်စွန့်ခွာသွားကြတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူနေကျေးရွာများထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်လာနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်မှ မေလပထမအပတ်အတွင်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများဘက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ၉၀၀၀ နီးပါးက နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။
“ထွက်ပြေးတိမ်းရှောင်နေကြရတာ ကြာလာလေလေ လိုအပ်ချက်တွေက များလာလေပဲ အဓိကကတော့ ရိက္ခာပေါ့ ။ ပြီးတော့ မိုးတွေကလည်း ရွာနေတော့ နေထိုင်ဖို့ အမိုးအကာတွေရယ် အရေးပေါ် လိုအပ်နေပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေကြရသူများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းဆေးရုံ ဆေးခန်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေကြရသည့် လုပ်ငန်းခွင် ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။