တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၆ရက် မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်တွင် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ရာ လယ်သစ်ရွာအနောက်ဘက် ဥယျာဥ်ကမ်းသို့ ကျရောက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“၅ပတ်လောက် (လေယာဥ်) လာဝဲပြီးတာနဲ့ ကြဲပြီ။ (တိုက်ပွဲ) ပွဲက ဖြစ်လိုက်နားလိုက်ပဲ။ ဒီနေ့တော့ မဖြစ်သေးဘူး။ (ဗုံးကြဲတာကြောင့်) ထိခိုက်တာတော့ မသိရသေး” ဟု ၎င်းက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သည် မြိတ်မြို့မှ လယ်သစ်ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သို့သော် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ၎င်းက ပြောသည်။
“တိုက်ပွဲက အရှေ့ရက်တွေက ဖြစ်တယ်။ အခုတော့ ငြိမ်နေတယ်။ လေကြောင်း လာကြဲသွားသေးတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်လည်း စစ်အာဏာရှင်တပ်သည် လယ်သစ်ရွာအနောက်ကမ်းရွာရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။







