ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် တရားမဝင်လုပ်ကိုင်သူများ စစ်ဆေးဖမ်းဆီးမှု အရှိန်မြှင့်၊ မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံရ

January 16, 2026

ပုံစာ - ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ရယွန်ခရိုင်အတွင်း နိုင်ငံခြားသား အလုပ်သမားများကို လိုက်လံစစ်ဆေးနေစဉ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအပါအဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် ရယွန်ခရိုင်ရှိ အလုပ်သမားနေရာများတွင် မြန်မာအလုပ်သမား ၅၀ ဦးနှင့် ကမ္ဘောဒီးယား အလုပ်သမား ၁၅ ဦးကို ဝင်ရောက်စစ်ဆေးခဲ့ရာ ရက်ကိုးဆယ် သတင်းပို့ တိုင်ကြားရန် ပျက်ကွက်သူနှင့် တရားမဝင်နေထိုင်သူ စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူ ရှစ်ဦးအနက် မြန်မာနှစ်ဦး ပါဝင်သည်။

ဇန်နဝါရီလ ၁၅ ရက်တွင် လယွန်ခရိုင် ဘန်ချန်းဒေသတွင် မြန်မာအလုပ်သမား ၅၇ ဦးကို စစ်ဆေးခဲ့ရာ အလုပ်လုပ်ခွင့် လက်မှတ်မရှိသူ ၁၃ ဦးကို ဖမ်းဆီးခံရကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော အလုပ်များကို လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇန်နဝါရီလ ၁၁ ရက်က ထိုင်းပစ္စည်းပို့သမားများနှင့် မြန်မာအလုပ်သမားများကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား အမည်ခံပြီး မြန်မာနိုင်ငံသားက ဆိုင်ဖွင့်ဈေးရောင်းနေသည်ဟု တိုင်ကြားချက်များ ရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုင်ကြားချက်နှင့် ပတ်သက်၍ နိုင်ငံခြားသားများ ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များကို ခိုးယူမှု မရှိစေရေး တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဘန်ကောက်နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ ခရိုင်အလုပ်သမားရုံးများအနေဖြင့် တရားမဝင် အလုပ် လုပ်ကိုင်နေသူများနှင့် တားမြစ်အလုပ်အကိုင်များ လုပ်ကိုင်နေသူများကို စစ်ဆေးပြီး ဥပဒေချိုးဖောက်မှုများ တွေ့ရှိပါက အရေးယူကြရန် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများ၊ တားမြစ်အလုပ်တွင် ဝင်ရောက်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက် ရှိလာခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်က နွန်ထဘူရီခရိုင်တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရသေးသည်။

ဇန်နဝါလ ၁၃ ရက်ကလည်း ပတ္တယားဈေးထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိသော မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ခြောက် ဦးကို ဖမ်းဆီးခံရသည်။

ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေသည်ဖြစ်စေ၊ တားမြစ်အလုပ်များ လုပ်ကိုင်နေသည်ဖြစ်စေ စစ်ဆေး တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်ကာ ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံထဲတွင် ဆံပင်ညှပ်၊ အလှပြင်၊ ဈေးရောင်း၊ ပွဲစားအကျိုးဆောင်၊ ခရီးသည်ပို့ဆောင်ရေး၊ ဧည့်လမ်းညွှန် အပါအဝင် နိုင်ငံခြားသားများကို လုပ်ပိုင်ခွင့် တားမြစ်ထားသောလုပ်ငန်း ၂၇ မျိုး ရှိသည်။

Ref: ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ရယွန်ခရိုင်လဝက၊ Top News