BREAKING
November 15, 2025

ထိုင်းတောင်ပိုင်းတွင် မြန်မာနှစ်ဦး ဓါတုကန်သန့်ရှင်းရေးလုပ်စဉ် အဆိပ်ငွေ့ရှူမိပြီး သေဆုံး

November 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရာဘီခရိုင်၊ ပလိုင်ဖရာယာဒေသ ကုမ္ပဏီတစ်ခုတွင် မြန်မာအလုပ်သမားသုံးဦး ဓါတုကန်သန့်ရှင်းရေး အလုပ်လုပ်နေစဉ် အဆိပ်ငွေ့ရှူမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၄ ရက်က မြန်မာအလုပ်သမားသုံးဦး ဓါတုကန်ပိုက်အရှည်ထဲတွင် သန့်ရှင်းရေးလုပ်နေစဉ် ပြင်းထန်သော အဆိပ်ငွေ့ကို ရှူရှိုက်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမား သုံးဦးအနက် အသက် ၂၂ နှစ်အရွယ် ကိုပိုင်ကို ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ပလိုင်ဖရာယာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကျန်နှစ်ဦးမှာ အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးသွားခဲ့ကြောင်း ရေးသားထားသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းလင်းအောင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုကျော်လင်းဦးတို့ ဖြစ်ကြောင်း ဆိုသည်။

ကြက်ဥပုပ်အနံ့ဟု လူသိများသော လူကိုသေစေနိုင်သည့် ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓါတ်ငွေ့ပါဝင်သည့်ကန်ထဲသို့ ဆင်းပြီး မြန်မာအလုပ်သမား အလုပ်လုပ်နေကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓါတ်ငွေ့ကို လူက အနည်းငယ် ရှူရှိုက်မိရုံဖြင့် သတိလစ်မေ့မြောနိုင်ပြီး သေစေနိုင်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကန်ထဲတွင် မြန်မာအလုပ်သမားများသည် ဓါတ်ငွေ့ကို ရှူမိသည်နှင့် ချက်ချင်း သတိမေ့လဲသွားခဲ့ကြောင်း ဖော်ပြသည်။

ယင်းအချိန် တစ်ဦးကို အချိန်မီကယ်တင်နိုင်ခဲ့ပြီး ကျန်နှစ်ဦးကို ကြိုးနှင့် အခြားကိရိယာများဖြင့် မြေပြင်ပေါ်သို့ ကယ်တင်နိုင်ခဲ့သော်လည်း အသက်သေဆုံးနေပြီဖြစ်သည်။

အလောင်းများကို ရင်ခွဲစစ်ဆေးနိုင်ရန် ပလိုင်ပရာယာဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

အခင်းဖြစ်ပွားခဲ့သော ကုမ္ပဏီ၏ အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ မတော်တဆမှုအတွက် ဆက်လက်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဆိုသည်။

Ref: The Thaiger, CH 7, MGR Online