ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စူကူဗစ်နယ်မြေတွင် ဆိုင်ကယ်စီးပြီး လျှပ်စစ်စီးကရက်များကို ရောင်းချနေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ညက စူကူဗစ် ၈ လမ်းအနီးရှိ ဖျော်ဖြေရေးနေရာတွင် ဆိုင်ကယ်စီးနေသော အသက် ၃၂ နှစ်အရွယ် ကိုဇင်မင်းထွန်းကို လူဖီနီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရစဉ် ၎င်းနှင့်အတူ ပြည်ပထုတ် အမျိုးအစားအစုံ လျှပ်စစ်စီးကရက် ၉၄ ခုကို တွေ့ရသဖြင့် သက်သေအနေဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ကိုဇင်မင်းထွန်းသည် စူကူဗစ်နယ်မြေတွင် ဦးထုပ်မဆောင်းဘဲ လမ်းပြောင်းပြန် ဆိုင်ကယ်မောင်းလာချိန် ရဲတပ်ဖွဲ့က တွေ့သဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ဆိုင်ကယ်အတွင်း ရှာဖွေစဉ် လျှပ်စစ်စီးကရက်များစွာကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စီးကရက်များကို အလုပ်ရှင်ထံမှ ယူလာခြင်းဖြစ်ပြီး စူကူဗစ်နယ်မြေတဝိုက်တွင် တစ်လုံးလျှင် ဘတ် ၂၅၀-၃၀၀ နှုန်းဖြင့် နိုင်ငံခြားသားများကို ရောင်းချနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသား၏ ဝန်ခံချက်ကို ဖော်ပြထားသည်။
ယင်းအလုပ်တွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ ရရှိခဲ့ကြောင်း ၎င်းကဝန်ခံထားသည်။
လက်ရှိတွင် ကိုဇင်မင်းထွန်းကို လျှပ်စစ်စီးကရက်များကို တရားမဝင် ဖြန့်ချိရောင်းဝယ်မှုဖြင့် လူဖီနီရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး သက်သေများကို စုဆောင်း၍ အလုပ်ရှင်ကိုလည်း ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ထိုင်းနိုင်ငံအတွင်း လျှပ်စစ်စီးကရက်များကို ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သန်းအထိ ကျခံရနိုင်ကြောင်း ကြေညာထားသည်။
Ref: Thairath, FM 91