BREAKING
October 18, 2025

ဖူးခက်တွင် ဆိုင်ကယ်ခိုးမှုဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

October 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးယူသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဖူးခက်သတင်းဌာနတွင် ဖော်ပြသည်။

အောက်တိုဘာလ ၁၃ ရက် ညနေ ၆ နာရီက ဖူးခက်မြို့၊ ပါတွန်ဒေသ အလုပ်သမားတန်းလျားတွင် အသက် ၂၂ နှစ်အရွယ် ကိုရွှေထွန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော Honda Click ဆိုင်ကယ်တစ်စီးကိုလည်း ၎င်းနှင့်အတူ တွေ့ရှိခဲ့သဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

အောက်တိုဘာလ ၁၀ ရက်က ထိုင်းနိုင်ငံသားတစ်ဦးသည် အခန်းရှေ့တွင် ဆိုင်ကယ်ရပ်ထားစဉ် ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့က အနီးရှိ CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံ စုံစမ်းစစ်ဆေးရာမှ မြန်မာနိုင်ငံသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ သက်တမ်းကုန်ဆုံးနေပြီး နေထိုင်ခွင့် ဗီဇာကျော်လွန်နေသူဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားကို ခိုးမှုနှင့် တရားမဝင် နေထိုင်မှုဖြင့် ပါတွန်ရဲစခန်းတွင် အမှုဖွင့် အရေးယူထား‌ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။