မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ရေးမြို့နယ်မြောက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ခန့်မှန်းအင်အား ၄၀၀ နှင့် ၅၀၀ ကြားရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက စစ်ကြောင်းသုံးကြောင်းဖြင့် ရေးမြို့မှ သံဖြူဇရပ်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေသည်။
ထိန်းချုပ်နယ်မြေဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
“သူတို့ (စစ်အာဏာရှင်တပ်) မဆုတ်သေးဘူး။ သံဖြူဇရပ်တောင်းပိုင်း အေးကမ္ဘာရွာအထိကို ထိုးမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုကတော့ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်သွားမှာပါ။ သူတို့ မဆုတ်သေးတော့ တိုက်ပွဲက ထပ်ဖြစ်နိုင်ပါတယ်” ဟု ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
တိုက်ပွဲတွင် အထိနာနေသည့် စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်မှုကို ဆက်လက်လုပ်ဆောင်နေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေနိုင်သည့်အခြေအနေရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသတွင်း စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည်နေသူတို့က သုံးသပ်သည်။
“စစ်ကြောင်းက ဆုတ်မသွားဘူးဆိုရင် တိုက်ပွဲက ဆက်နေရှိနေမှာပဲ။ စစ်တပ်ကလည်း မကြာခင် သူတို့လုပ်မယ့် ရွေးကောက်အတွက်ကို နယ်မြေစိုးမိုးနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတာ ဒါက ဒီရေးဒေသတစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ဒီလိုပဲ လုပ်နေတယ်။ စစ်ကြောင်းထိုးတယ်။ လေကြောင်းနဲ့ တိုက်ခိုက်တယ်။ ဆက်တိုက်ကို လုပ်နေတာ အခု။ ဆိုတော့ စစ်ကြောင်းက လွယ်လွယ်နဲ့ ပြန်ဆုတ်မှာမဟုတ်ဘူး။ အခြေအနေက ဆက်ပြီးတော့ တင်းမာနေနိုင်တယ်” ဟု ဒေသတွင်း စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
စစ်အာဏာရှင် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီး ပူးပေါင်းတပ်တို့က တိုက်ခိုက်လျက်ရှိသည်။