BREAKING
October 19, 2025

ရေးတွင် ငွေစက္ကူအတုထုတ်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

September 15, 2025

ဓာတ်ပုံ - မွန်ပြည်နယ် ရဲတပ်ဖွဲ့။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုထုတ်လုပ် သုံးစွဲသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခံရကြောင်း ဒေသခံများ၊ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

နှစ်ကရင်ကျေးရွာတွင် မကြာသေးခင်ကမှ ပြောင်းရွှေ့ လာရောက်နေထိုင်နေသည့် အသက် ၂၈ နှစ်အရွယ် မမြူလင်းလင်း (ခေါ်) မသူဇာသည် ငွေစက္ကူ အတုများနှင့် ငွေစက္ကူအတု ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်များနှင့်အတူ စက်တင်ဘာဘ ၁၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ၎င်းတို့ထံမှ သိရသည်။

“သူ့ယောကျ်ားက တိုင်လိုက်လို့ ရဲတွေက သူနေတဲ့အိမ်ကို လာစစ်ဆေးတာ။ လာစစ်ဆေးတဲ့အချိန်မှာ သူ့အိမ်ထဲမှာ တစ်သောင်းတန် အတုတွေ နောက်ပြီး ငွေအတုတွေ ထုတ်လုပ်တဲ့ စက်တွေ ပစ္စည်းတွေကို တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်း၏ နေအိမ်ထဲတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၁၄၀ ခန့်နှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ပရင်တာ၊ စက္ကူနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ ရှိနိုင်သည့်အတွက် ငွေစက္ကူအတု လက်ထဲရောက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံအချို့က ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မမြူလင်းလင်း (ခေါ်) မသူဇာကို နိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် ရေးမြို့မရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။