ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်က စန်ခရာဘူရီဒေသ နောလူရွာအနီးရှိ ခြံထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာပြီး ပုန်းနေကြကြောင်း သတင်းရရှိသဖြင့် ထိုင်းနယ်ခြားစောင့်တပ်က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၇၀ ဦးရှိပြီး အားလုံးတွင် ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့် အထောက်အထား စာရွက်များ မတွေ့ရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မန္တလေးဒေသများမှ လာရောက်ကြပြီး ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။





အားလုံးသည် ထိုင်းနိုင်ငံ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် အခြားခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာပြီး ခရီးစရိတ်အတွက် ဘတ် ၁၅၀၀၀ ပေးချေရမည်ဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကာ နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၅၀၀ ကျော်အထိ ဖမ်းဆီးခံရပြီး ၎င်းတို့အနက် လှေမှောက်မှုကြောင့် ၃ ဦး သေဆုံးခဲ့သည်။
Ref: Kanchanaburi News, Thai PBS, Matichon Online







