မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ဖမ်းဆီးခဲ့သည့် ကျောင်းဆရာမလေးဦးကို ယနေ့ သြဂုတ်လ ၁၅ ရက် ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖမ်းဆီးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
Non-CDM ကျောင်းဆရာမ လေးဦးကို ဩဂုတ်လ ၁၄ရက်တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က ဖမ်းဆီးပြီး ၂၄ နာရီခန့်ကြာ ထိန်းသိမ်းစစ်ဆေးပြီးနောက် ယနေ့ ညနေပိုင်းတွင် မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ကြောင်း MSRF က ထုတ်ပြန်ထားသည်။
ကျောင်းဆရာမ လေးဦးကို စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင် ပတ်သက်ခြင်း မပြုရန် ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့အတွက်ကို Non-CDM ဆရာတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုဖို့ အတွက်ကို (ကျွန်မတို့) သတိပေးထားပြီးသားဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်မတို့ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက် ရခြင်းဖြစ်တယ်” ဟု MSRF ၏ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် Non – CDM ဝန်ထမ်းများ၏ စာရင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဩဂုတ်လ ၁၄ ရက် နံနက် ၇ နာရီခန့်က ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့သည့် ဆရာမ လေးဦးကို သံဖြူဇရပ်မြို့နယ် ဝဲခမီကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ကြောင်း MSRF နှင့် YPDF တို့ထံမှ သိရသည်။