မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ကျောင်းဆရာမလေးဦးကို ဒေသတွင်း လှုပ်ရှားနေသည့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း YPDF ထံမှ သိရသည်။
ဩဂုတ်လ ၁၄ ရက် နံနက် ၇ နာရီခန့်က ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့သည့် ဆရာမ လေးဦးကို သံဖြူဇရပ်မြို့နယ် ဝဲခမီကျေးရွာအနီးအရောက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း YPDF ထံမှ သိရသည်။
ဖမ်းဆီးခံရသူများတွင် လမိုင်းမြို့ အထက်တန်းကျောင်းက ဆရာမတစ်ဦး၊ မော့ကနင်ကျေးရွာ အထက်တန်းကျောင်းက ဆရာမတစ်ဦး၊ နှစ်ကရင်ကျေးရွာ အထက်တန်းကျောင်းက ဆရာမတစ်ဦးနှင့် ဘေးလမိုင်းရွာ အထက်တန်းကျောင်းက ဆရာမတစ်ဦးတို့ ပါဝင်ကြောင်း ဆိုသည်။
ဆရာမ လေးဦးသည် စစ်ကောင်စီနှင့် ပူးပေါင်းအလုပ်လုပ်နေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း YPDF ၏ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောသည်။
“သူတို့တွေ ရေးကနေ ဖောင်ကြီးကို သင်တန်းသွားဖို့ရှိတယ်ဆိုတာ ကျွန်တော်တို့ သတင်းရထားတာရှိတယ်။ အဲဒါကို ကျွန်တော်တို့က ကြားဖြတ်စောင့်ပြီး ထိန်းသိမ်းလိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့လတုန်းက ကျွန်တော်တို့ ကြေညာချက် ထုတ်ထားတာရှိတယ် စကစနဲ့ ပူးတွဲပြီး အလုပ်မလုပ်ဖို့ အဓိက ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ တားဆီးခြင်း ဖြစ်တယ်။ ကြေညာချက်ထုတ်ပြီး အခု လက်တွေ့ အကောင်အထည်ဖော်ခြင်းဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် ဆရာမ လေးဦးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး စိစစ်ပြီးပါက ခံဝန်ကတိ ထိုးခိုင်းကာ ပြန်လွှတ်မည်ဖြစ်ကြောင်း ဗိုလ်ရန်နိုင်က ဆက်လက်ပြောဆိုသည်။
ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) အနေဖြင့် စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲကို မရ ရသည့်နည်းဖြင့် ဖျက်ဆီး သွားမည်ဖြစ်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ သွားလာလှုပ်ရှားမှု သတင်းအချက်အလက်များကိုလည်း ရရှိထားကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများအနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်များနှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြုပ်ရန် ဇူလိုင်လ ၂၀ ရက်တွင် သတိပေးစာ ထုတ်ပြန်ထားသည်။