ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က ပျူစောထီးများ ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူသည် သဘွတ်ချောင်းရွာမှ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးစုငယ် (ခ) ဦးနောင်ကြီး၏ ခယ်မ (၎င်းညီ၏ဇနီး) တော်စပ်သူ အသက် ၃၅ နှစ်အရွယ် မခိုင် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်က မခိုင်ကို သဘွတ်ချောင်းရွာ ပျူစောထီးအဖွဲ့က ပျူစောထီးခေါင်းဆောင်နေအိမ်၌ ရွှေပျောက်သည့် ကိစ္စနှင့်ပတ်သက်၍ သံသယရှိသည်ဟု စွပ်စွဲကာ မခိုင်၏နေအိမ်၌ပင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သူ့ (ဦးစုငယ် (ခ) ဦးနောင်ကြီး) ညီမိန်းမကိုပဲ ရွှေပျောက်တဲ့ကိစ္စနဲ့ စွပ်စွဲပြီးဖမ်းတာ။ ရွှေက သုံးကျပ်သားလောက် ပျောက်တယ်ကြားရတယ်။ သူ့တပည့်တွေလွှတ် ပြီး ဖမ်းခိုင်းတာ။ ပြီးတော့ အိမ်အောက်က ရော်ဘာရုံထဲ ထည့်ထားတယ်” ဟု ဖြစ်စဉ် အား သိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မခိုင်သည် ရော်ဘာရုံအတွင်း သေဆုံးနေကြောင်း ဒေသခံများက ပြောသည်။
မခိုင်သည် ခြုံပုဝါ ဖြင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်၍ သတ်သေခြင်းဖြစ်သည်ဟု ပျူစောထီးအဖွဲ့က ရွာသားများကို ပြောကြောင်း ဒေသခံများက ပြောပြသည်။
သို့သော် သေဆုံးသူ မခိုင်၏ အသုဘကျင်းပရာ၌ ရုပ်အလောင်းတွင် မျက်ခုံးကွဲဒဏ်ရာအပြင် အခြားညိုမဲစွဲနေသည့် ပြင်ပဒဏ်ရာများလည်း တွေ့ရသဖြင့် ရိုက်နှက်ခံရ၍ သေဆုံးခြင်းမျိုး ပိုဖြစ်နိုင်သည်ဟု ရုပ်အလောင်းအား မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောသည်။
မခိုင်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် သဘွတ်ချောင်းရွာ သုသာန်၌ သင်္ဂြိုဟ်ပြီးဖြစ်သည်။
၂၀၂၄ ခုနှစ် ဧပြီလကလည်း သဘွတ်ချောင်းရွာက စိတ်ကျန်းမာရေးမကောင်းသူ ဦးဝင်းကျော်ကို ပျူစောထီးအဖွဲ့က ရိုက်နှက်သဖြင့် သေဆုံးခဲ့ဖူးသေးသည်။
ထိုစဉ်ကလည်း ဦးနောင်ကြီးနှင့်အတူ ၎င်း၏အဖွဲ့ဝင်များ အရေးယူခံရခြင်းမရှိသလို ယခု မခိုင်သေဆုံးမှုတွင်လည်း ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တစ်စုံတစ်ရာ အရေးယူမှုမရှိသေးကြောင်း ရွာသားများက ပြောသည်။
အာဏာသိမ်းပြီးနောက် သဲချောင်းကျေးရွာအုပ်စုတွင် သဘွတ်ချောင်းရွာသား ဦးစုငယ် (ခ) ဦးနောင်ကြီးက အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားပြီး မောရဝတီရေတပ်က လက်နက်တပ်ဆင်ပေးထားသော အဖွဲ့ဝင်နှစ်ဆယ်ခန့်ရှိသည့် ပျူစောထီးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း ရွာသားများထံမှ သိရသည်။
သဲချောင်းကျေးရွာအုပ်စု သင်္ကန်းတောရွာနှင့် ကင်းတောင်ရွာအနီးတွင် စစ်အာဏာရှင်တပ်၏ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းလည်း တည်ရှိသလို သဲချောင်းအုပ်စုသည် မောရဝတီရေတပ်စခန်းဌာနချုပ်ရှိရာ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့်လည်း ကပ်လျက်တည်ရှိသည်။







