ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် အလုပ်သမားကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ ၄၅ ဦး ဒဏ်ရာရ

January 15, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အလုပ်ကြိုပို့လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် မြန်မာအလုပ်သမား ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်တွင် ချွန်ဘူရီခရိုင်၊ စီရိရာချာမြို့၊ စက်မှုဇုန်အနီးတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန် ဘတ်စ်ကားထဲတွင် မြန်မာအမျိုးသမီးတစ်ဦး ပိတ်မိနေဆဲဖြစ်သဖြင့် ဖြတ်တောက်ရေး ကိရိယာများသုံး၍ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြထားသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၅ ဦး လိုက်ပါလာပြီး အားလုံးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

အားလုံးသည် စက်မှုဇုန်ရှိ စက်ရုံများမှ အလုပ်သမားများ ဖြစ်ကြပြီး စက်ရုံသို့ လာစဉ် တောင်ကုန်းအဆင်းလမ်းတွင် ရပ်ထားသော ကားတစ်စီးကို ရှောင်ရာမှ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ကားသမားက ပြောသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ပြီး မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူသွားမည်ဟုဆိုသည်။

Ref: စီရချာ လူမှုကယ်ဆယ်ရေးအသင်း၊ Nation Tv