မွန်ပြည်နယ် စျေးကွက်တွင် အောက်တိုဘာလအတွင်း ဆားကြမ်း တစ်ပိဿာ ကျပ် ၁၀၀၀ ကျော်အထိ စံချိန်တင် စျေးမြင့်တက်လာသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။
ဆားထုတ်လုပ်ရာသီတွင် ရာသီဥတုဖျက်ဆီးမှုကြောင့် ဆားကွင်းများပျက်ဆီးပြီး ဆားအထွက်နည်းခဲ့သည့်အတွက် ဆားတောင်သူများထံ လက်ကျန်ဆားနည်းပါးသည့်အချိန်တွင် ဆားကြမ်းစျေး မြင့်တက်လာခြင်းဖြစ်သည်ဟု သံဖြူဇရပ်မြို့နယ်အတွင်းက ဆားလုပ်ငန်းရှင်များက ပြောသည်။
မွန်ပြည်နယ်စျေးကွက်တွင် နေလှန်းဆားကြမ်းဈေးနှုန်းသည် ပြီးခဲ့သည့် ဧပြီလခန့်က တစ်ပိဿာ ကျပ် ၅၀၀ ဖြစ်လာရာမှ ယခု အောက်တိုဘာလတွင် တစ်ပိဿာ ကျပ် ၁၀၀၀ ကျော်အထိ ဖြစ်လာသည်ဟုလည်း ဆိုသည်။
“လက်ရှိ ဆားစျေးက တစ်ပိဿာကို ၁၀၀၀ ကျော် ဖြစ်နေတယ်။ ဆားစျေး အမြင့်ဆုံးဖြစ်နေတယ်။ အဓိကကတော့ လက်ကျန်ဆားတွေ မရှိတော့ ဆားစျေး ထိုးတက်တာ ဒါဖြစ်လေ့ ဖြစ်ထရှိတယ်။ ခါတိုင်းနှစ်လည်း ဒီလိုအချိန်ဆို ဆားစျေး တက်တယ်လေ ဒါပေမဲ့ ဒီနှစ်ကတော့ ဆားလုပ်လာတဲ့ သက်တမ်းတလျှောက်မှာ အမြင့်ဆုံးစျေးပဲ” ဟု သံဖြူဇရပ်မြို့နယ်အတွင်းက ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလမှ ဧပြီ မေလဆန်းပိုင်းအထိ ဆားကြမ်းထုတ်လုပ်ကြလေ့ရှိသည်။
သို့သော် ယခုနှစ်တွင် အောက်တိုဘာလ ဒုတိယအပတ်အထိ မိုးဆက်လက် ရွာသွန်းနေခြင်းကြောင့် ဆားလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ခြင်း မရှိသေးသည့်အတွက် ယခုနှစ်ဆားအထွက်နောက်ကျနိုင်ပြီး ဆားအထွက်နှုန်းလည်း လျော့နည်းနိုင်သည်ဟု ဆားတောင်သူများက ပြောသည်။
လက်ကျန်ဆား နည်းပါးနေသည့်အပြင် ဆားအထွက်လည်း နောက်ကျနိုင်သည့် အနေအထားကြောင့် ဆားစျေးသည် လက်ရှိ ဆက်တက်နိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားကြသည်။
“ဒီအချိန်မှာ တကယ့်ဆားတောင်သူတွေလက်ထဲမှာ ဆားက မရှိတော့ဘူးလေ။ တောင်သူတွေ လက်ထဲ မရှိတဲ့အချိန်မှ ဆားစျေးတက်တော့ တောင်သူတွေအတွက်က အကျိုးအမြတ်မရှိဘူး။ တကယ်အကျိုးအမြတ်ရသွားတာက ဆားကုန်သည်တွေ ဆားကို သိုလှောင်ထားနိုင်တဲ့လူတွေ ရှိမယ်။ ဆားထွက်တဲ့အချိန်မှာ ဆားစျေးက ကောင်းမှ မကောင်းတာ” ဟု ရေးမြို့နယ်အတွင်းက ဆားတောင်သူတစ်ဦးက ပြောသည်။
မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးစျေးကွက်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်များသို့ အဓိက တင်ပို့ရောင်းချနေသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ၊ပေါင်မြို့နယ်ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့မှာ နေလှမ်းဆား တန်ချိန်သောင်းနှင့်ချီထုတ်လုပ်ရာဒေသများဖြစ်သည်။