ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသား လေးဦး အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် အနီးရှိ ကွေ့တီယိုဆိုင်လည်း ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် မြန်မာနိုင်ငံသားလေးဦးသည် 7-Eleven စတိုးဆိုင်ရှေ့တွင် အတူတူ အရက်သောက်ရာမှ စကားများ ရန်ဖြစ်ကြကြောင်း စတိုးဆိုင်ဝန်ထမ်းများက ပြောဆိုထားသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ကွေ့တီယို ဆိုင်ပိုင်ရှင် ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် ထိုးကြိတ်ပြီး ခိုက်ရန်ဖြစ်ပွားနေဆဲဖြစ်သဖြင့် ကြားဝင် ဖြေရှင်းပေးခဲ့ရကြောင်း ဖော်ပြသည်။
စတိုးဆိုင်ရှေ့ တွင် ဖွင့်လှစ်ထားသော ကွေ့တီယိုဆိုင်မှာလည်း ပျက်စီးနေသည်ကို တွေ့ရကြောင်း ဆိုသည်။
ခိုက်ရန်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသားနှစ်ဦးက အခြားမြန်မာတစ်ဦး၏ ရင်ဘတ်ကို တက်နင်းခဲ့သဖြင့် ဒဏ်ရာရသောကြောင့် ကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အဆိုပါမြန်မာလေးဦးသည် ကွေ့တီယိုဆိုင်တွင် ပုံမှန်လာစားနေကြသူများဖြစ်ကြောင်း ဆိုင်ပိုင်ရှင်က ပြောဆိုသည်။
ခိုက်ရန်ဖြစ်ခဲ့သောညက ၎င်းတို့လေးဦး ကွေ့တီယိုလာစားကြပြီးနောက် အရက်သောက်ပြီး စကားများ ရန်ဖြစ်ကြစဉ် ဆိုင်တစ်ခုလုံး ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး အနီးရှိ ဆိုင်ကယ်နှစ်စီးလည်း ပျက်စီးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ယင်းဆိုင်သည် ပြီးခဲ့သော သုံးလခန့်က ဖွင့်လှစ်ထားခြင်းဖြစ်သဖြင့် ပျက်စီးသွားသဖြင့် စိတ်မကောင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင်က ဆိုသည်။
လက်ရှိတွင် ခိုက်ရန်ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသား လေးဦးကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
Ref: CH 7, Workpoint 23







