BREAKING
October 18, 2025

ချွန်ဘူရီတွင် လာကြိုသောကားဝင်တိုက်သဖြင့် မြန်မာလုပ်သားတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

October 14, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများက အလုပ်သွားရန် စောင့်နေစဉ် အလုပ်သမားများကို လာကြိုသော စက်ရုံကားက ဝင်တိုက်ခဲ့သဖြင့် မြန်မာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် ချွန်ဘူရီမြို့ရှိ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီး ဖုန်းဆိုင်တစ်ဆိုင်တွင် အလုပ်သွားရန် စောင့်နေသော မြန်မာအလုပ်သမားများကို စက်ရုံ၏ နှစ်ထပ်မှန်လုံကားက အရှိန်လွန်၍ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကားတိုက်ခံရမှုကြောင့် ကိုစိုးလင်းဦးသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် မြန်မာနိုင်ငံသား သုံးဦးလည်း ဒဏ်ရာအပြင်းအထန် ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။

အလုပ်သမားများသည် အလုပ်ရုံသို့ သွားရန် ကားစောင့်နေချိန် လာကြိုသောကားက စက်တစ်ခုခု ချို့ယွင်းခဲ့ပြီး မြန်မာအလုပ်သမားများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“အလုပ်သမားတွေကပေါ့နော် အလုပ်သွားမယ်ဆို အဲဒီနေရာမှာ စောင့်နေကျလို့ပြောတယ်။ ကားက စက်တစ်ခုခုဖြစ်လို့ ဝင်တိုက်တယ်လို့ပဲ သိထားတယ်။ ဘာကြောင့်ဆိုတာမျိုးတော့ မသိသေးဘူး။ ဒဏ်ရာရတဲ့သူတွေကတော့ ကျိုးပဲ့သွားကြတာများတယ်။ လက်ရှိကတော့ ဆေးရုံမှာ” ဟု ကိုမုန်တိုင်းက ဆိုသည်။

လက်ရှိတွင် ကားသမားက ရဲစခန်းတွင် စစ်ဆေးမေးမြန်းခံနေရဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

သေဆုံးနှင့် ဒဏ်ရာရရှိသော မြန်မာအလုပ်သမားများသည် ဘန်ဝဒေသ ဒယ်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း WAG ထံမှ သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများသည် နီးစပ်ရာဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး အခြေအနေမှာ ပြင်းထန်မှုရှိကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

သေဆုံးသွားသော ကိုစိုးလင်ဦး၏ အလောင်းကို ဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေဆဲဖြစ်ကြောင်း WAG ထံမှ သိရသည်။

မိသားစုဝင်များက သေမှုသေခင်းအတွက် WAG အဖွဲ့ထံ အကူအညီတောင်းထားသဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။