BREAKING
October 19, 2025

ထိုင်းတွင် မြန်မာပထွေး၏ ရိုက်နှက်မှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးသေဆုံး

August 14, 2025

ပုံစာ - ကိုနေစိုင်းဦးက ကလေးရိုက်နှက်ခဲ့သည့်ဖြစ်စဉ်ကို ပြန်လည်သရုပ်ပြနေစဉ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အသက် ၃ နှစ်အရွယ် မယားပါသား အမွှာကလေးနှစ်ဦး ရိုက်နှက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပထုံဌာနီခရိုင် လာလုကာဒေသတွင် အသက် ၂၃ နှစ်အရွယ် ကိုနေစိုင်းဦးသည် အသက် ၃၆ နှစ်အရွယ် မနွေးနွေးဦးနှင့် နောက်အိမ်ထောင်ပြုထားပြီး အမျိုးသမီး၏ အသက် ၃ နှစ်ရွယ် အမွှာကလေးငယ် မောင်နှမနှစ်ဦးနှင့်အတူ နေထိုင်သည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သတင်းအရသိရသည်။

ဩဂုတ်လ ၉ ရက်နေ့ညက ကိုနေစိုင်းဦးသည် အလုပ်မှပြန်လာစဉ် အမွှာကလေးငယ်နှစ်ဦးသည် ငိုနေသဖြင့် ရိုက်နှက်ခဲ့ရာ ယောက်ျားလေးမှာ နံရံနှင့် ထိခိုက်မိခဲ့ဟုဆိုသည်။

ထို့နောက် ယောက်ျားလေးသည် တက်သွားပြီး ခန္ဓာကိုယ် တောင့်တင်းလာသဖြင့် ကိုနေစိုင်းဦးသည် အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ခဲ့ရာ ကလေးငယ်မှာ ပြန်လည်ကောင်းမွန်လာသော်လည်း အသက်ရှူနှေးလာနေခဲ့ကြောင်း ရဲစခန်းခံဝန်ချက်တွင် ဖော်ပြထားသည်။

နံနက် ၄ နာရီခန့်တွင် မိခင်ဖြစ်သူက အလုပ်မှပြန်လာရာ ကလေးငယ်နှစ်ဦး၏ အခြေအနေကို တွေ့ရပြီးနောက် ပထုံဌာနီဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။

ဆေးရုံအရောက်တွင် ယောက်ျားကလေးငယ်က သေဆုံးနေပြီဖြစ်ပြီး မိန်းကလေးငယ်မှာ ဒဏ်ရာအခြေအနေများကြောင့် ICU ထဲသို့ ပို့ဆောင်ကုသပေးခဲ့ရဟုဆိုသည်။

ကလေး၏ အလောင်းကို ရင်ခွဲစစ်ဆေးရာ အဆုတ်နှင့် အသည်းပျက်စီးနေသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မှုခင်းဆရာဝန်များ၏ ဖြေကြားချက်အရ သိရသည်။

ကလေးငယ်ကို အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့သော ကိုနေစိုင်းဦးကို မိခင်ဖြစ်သူက ရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ကိုနေစိုင်းဦးကလည်း အလုပ်က ပြန်လာပြီး ပင်ပန်းနေသဖြင့် အိပ်လိုသော်လည်း ကလေးငိုသံကြား၍ စိတ်တိုမိရာမှ ကလေးငယ်များကို ရိုက်နှက်မိကြောင်း ဝန်ခံထားသည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ကိုနေစိုင်းဦးကို ဖြစ်စဉ်အမှန်ကို ပြန်လည်သရုပ်ပြစေခဲ့ပြီးနောက် အသက်သေဆုံးသည်အထိ ဒဏ်ရာရရှိစေမှုဖြင့် အမှုဖွင့်ထားကာ နောက်နေ့တွင် တရားရုံးသို့ ခေါ်ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Pathum Thani News, Talk news Online, Thairath