ကပ္ပလီပင်လယ်ပြင်ရှိ အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းပါဝင်သော နီကိုဘားကျွန်းအနီး ပင်လယ်ပြင်တွင် ငလျင်တစ်ခု ဇူလိုင်လ ၁၃ ရက် ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ထပ်မံလှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းငလျင်သည် ဆယ်ကီလိုမီတာ စောက်အနက်ရှိပြီး ပြင်းအား ရစ်ခ်တာစကေး ၅ ဒသမ ၁ ရှိသည့် အင်အားအသင့်အတင့် ငလျင်ဖြစ်သည် ဟုမိုးဇလကဆိုသည်။
ယခုထပ်မံ၍ ငလျင်လှုပ်ခတ်ခဲ့သည့် ပင်လယ်ပြင် နေရာတွင် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်လည်း ပြင်းအား ၄ ဒသမ ၇ ရစ်ခ်တာစကေး မှ ၅ ဒသမ ၁ ရစ်ခ်တာစကေး အကြားရှိ ငလျင်လေးကြိမ် လှုပ်ခတ်ခဲ့သေးကြောင်း မိုးဇလ၏ မှတ်တမ်းအရ သိရသည်။
အထက်ပါငလျင်လှုပ်ခတ်ခဲ့သည့် နေရာများသည် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မှ ရေမိုင် ၃၀၀ ကျော် အကွာတွင် တည်ရှိပြီး ရန်ကုန်၊ ကမ္ဘာအေးမြေငလျင်စခန်းနှင့် တောင်-အနောက်တောင်ဘက် မိုင် ၅၀၀ ကျော် အကွာအဝေးရှိကြောင်း မိုးဇလ၏ တိုင်းတာချက်အရသိရသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် မြန်မာပြည်တွင်းဒေသများဖြစ်သည့် ရှမ်းပြည်နယ် မိုင်းခတ်မြို့၊ ကျိုင်းတုံမြို့၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့၊ ပြင်ဦးလွင်မြို့တို့အနီးတွင် ပြင်းအား ၃ ဒသမ ၁ မှ ၄ ဒသမ ၉ ရစ်ခ်တာစကေးအကြား အင်အားအသင့်အတင့် ငလျင် ၆ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ မိုးဇလနှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်စီမခံခန့်ခွဲရေး ဝန်ကြီးဌာနတို့က ငလျင်သတင်းများ ထုတ်ပြန်ထားကြသည်။