ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လျှပ်စစ်စက်ဘီး (E-Bike) စီးနင်းသူများကို ဇွန်လ ၇ ရက်နေ့မှစတင်ကာ မဲဆောက်ရဲတပ်ဖွဲ့က ဆက်တိုက် ဖမ်းဆီးမှုလုပ်လာ၍ E-Bike အသုံးပြုသည့် မြန်မာများ အခက်အခဲကြုံတွေ့နေကြရကြောင်း မြန်မာအချို့ကပြောသည်။
မဲဆောက်ခရိုင်တွင် လျှပ်စစ်စက်ဘီးနှင့် စကူတာများအသုံးပြုသူများလာကာ လမ်းပေါ်တွင် အဆင်မပြေမှုများနှင့် လုံခြုံမှုမရှိဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ရှိနေသည်။
ယင်းအတွက်ကြောင့် လျှပ်စစ်စက်ဘီးများကို အများပြည်သူပိုင်လမ်းပေါ် တွင် မောင်းနှင်ခြင်းမပြုရန် လျှပ်စစ်ယာဥ်အသုံးပြုမှု ထိန်းချုပ်ရေး အစီအမံများချမှတ်ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
ယခုကဲ့သို့ လျှပ်စစ်စက်ဘီး ဖမ်းဆီးလာသဖြင့် အလုပ်သွားရေးလာရေးအပါအဝင် ကလေး ကျောင်းကြို၊ ကျောင်းပို့ကိစ္စများလည်း အခက်တွေ့လာရကြောင်း မဲဆောက်ရောက် မြန်မာအချို့ကဆိုသည်။
“အခုက E bike တွေ ဖမ်းဆီးနေတယ်ဆိုတော့ အလုပ်ကိုလည်း ရပ်ထားရပါတယ်။ နေ့တိုင်း ဝင်ငွေတော့မရှိတော့ဘူးပေါ့။ စားဝတ်နေရေး အတွက်တော့ အခက်အခဲဖြစ်သွားတာပေါ့” ဟု E Bike ဖြင့် ပစ္စည်းပို့ဆောင်နေသည့် မနန်းကပြောသည်။
မဲဆောက်တွင်နေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦးလည်း E bike စီးသဖြင့် ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခံရပြီးနောက် E bike အသိမ်းခံခဲ့ရဖူးကြောင်း၊ အသိမ်းခံရသည့် E Bike လည်း ပြန်မရသေးကြောင်း မဲဆောက်တွင်နေထိုင်သည့် မြန်မာနိုင်ငံသား ကလေးမိခင်တစ်ဦးက ပြောသည်။
‘’အခုဆိုရင် ကျွန်မမှာ ကလေး ၃ယောက်နဲ့ မနက်ဆိုကျောင်းပို့ရတယ်။ အကြီး ၂ယောက်က တစ်ကျောင်း၊ အငယ်လေးက တစ်ကျောင်းပို့ရတယ်။ E bike နဲ့ပဲ ပို့တာ။ ဖမ်းနေတယ်ဆိုတော့ မစီးဘဲ လမ်းလျှောက်ပို့တယ်။ ကျောင်းကတော့ ရွာထဲမှာပဲ။ ဒါပေမဲ့ ရွာထဲလည်းဖမ်းနေတယ်ပြောကြတော့ မစီးရဲဘူး။ မနက်ဆို လမ်းလျှောက်ပြီး ကလေးတွေပို့ရတယ်။ ခရီးမရောက်ဘူးပေါ့ ကလေးငယ်လေးတွေနဲ့လေ။ သူတို့ကိုပို့ပြီးရင်လည်း အလုပ်သွားဖို့အတွက်ကို ကျွန်မ အခက်တွေ့ပြန်တယ်” ဟု ၎င်းကပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းနေထိုင်သူအချို့သည် သွားလာရေးအတွက် ဆိုင်ကယ်ထက် စျေးပိုသက်သာသည့် E bike ကို သာ အများဆုံး အသုံးပြုကြသည်။

မကြာသေးမီက ထိုင်းလူမျိုးများ၏ လူမှုကွန်ရက်စာမျက်နှာ (Pages) များတွင်လည်း မဲဆောက်မြို့အတွင်း E-Bike များစီးနင်းသည့် မြန်မာလူမျိုးများ၏ရုပ်သံများ၊ ဓာတ်ပုံများ တင်လာသည်ကို တွေ့လာရသည်။
“အထူးသဖြင့် ကျွန်တော်တို့က ဧည့်သည်ဖြစ်တဲ့အတွက် သူတို့နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ လိုက်နာနိုင်ရင်တော့ အကောင်းဆုံးပေါ့။အဲဒါမှ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင်လမ်းကြောင်းတွေ လွယ်ကူမယ်။ ဘယ်သူမှ မခက်ခဲစေချင်ဘူးဗျာ” ဟု မဲဆောက်မြို့ ထုံထောင်း ရပ်ကွက်နေထိုင်သူ တစ်ဦးပြောသည်။
E bike ဖမ်းနေသည့်အတွက် လုပ်ငန်းခဏရပ်ထားပြီး ၀င်ငွေမရှိတော့သည့် မနန်းကမူ E bike နှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်းများ၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်နေပြီး လိုင်စင်နှင့် အထောက်အထားများလိုအပ်ပါက အပြည့်အစုံဆောင်ရွက်ပြီးမှာသာ ကုန်ပစ္စည်းပို့လုပ်ငန်းကို ပြန်လည် ဆောင်ရွက်မည်ဟုဆိုသည်။