BREAKING
May 14, 2025

ကန်ချနဘူရီတွင် အလုံပိတ်ကားထဲ လိုက်ပါလာသော မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

May 14, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ယနေ့ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသားများကားဖြင့် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသတွင် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က လမ်းတွင် ဂိတ်ချ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအချိန် မသင်္ကာစရာ အလုံပိတ်ထားသော ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ကားထဲတွင် ပြည့်ကျပ်စွာ လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အားလုံးတွင် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာက သွားရောက်ခေါ်ဆောင်လာပြီး ချွန်ဘူရီခရိုင်သို့ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း၊ ပို့ဆောင်ခအနေဖြင့် ဘတ် ၂၅၀၀၀ အထိ ရရှိမည်ဖြစ်ကြောင်း ကားသမားက ဖြေကြားထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သော မေလ ၁၀ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Kanchanaburi News