ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း မင်းဒပ်ရွာအနီး လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပစ်ခတ်

February 14, 2026

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာအနီးကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး အနီးဝန်းကျင်ရွာကို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းဒပ်ရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းဒပ်ရွာအနီးက ဝဲရစ်၊ သိမ်ကုန်း၊ ရငဲစသည့် အနီးဝန်းကျင်ကိုလည်း စက်သေနတ်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။

“ထိခိုက်မှုသတင်းကတော့ မကြားရပါဘူး” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်တွင် စစ်အာဏာရှင်တပ်၏ တစ်ခုတည်းကျန်ရှိနေသည့် ဝင်းဝစခန်းကို စစ်အင်အားနှင့် လက်နက်ခဲယမ်းပို့ဆောင်ကာ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၁၀ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သည် သဲချောင်းကြီးရွာကို ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက် ၁၄ ရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပင်လယ်ဝတွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောတို့က အရပ်သားများနေထိုင်သည့် ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တည်းက သရက်ချောင်းမြို့နယ် ဆင်ကူးရွာမှ ပုလောမြို့နယ် ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာ အထိ ဖုန်းဆက်သွယ်ရေးလိုင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ဖြတ်တောက်ထားကြောင်း ဒေသခံများက ဆိုသည်။

ထို့ကြောင့် ရွာတွင် ရှိနေသည့် မိသားစုဝင်များထံ ဆက်သွယ်၍ မရသဖြင့် စိတ်ပူကြောင်း ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သရက်ချောင်းဒေသခံအချို့က ပြောဆိုသည်။