ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် လမ်းမကြီးပေါ် မြန်မာအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်

January 14, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်မှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၃ ရက် ည ၁၁ နာရီတွင် ချွန်ဘူရီခရိုင် ဖန်ထောင်းဒေသ လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ခိုက်ရန်ဖြစ်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်အောင်က ဦးခေါင်းကွဲဒဏ်ရာရပြီး အသက် ၃၆ နှစ်အရွယ် ကိုကံသာဦးက ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး ဖန်ထောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

ရန်ပွဲတွင် မြန်မာတစ်ရာခန့်ပါဝင်ပြီး ဓား၊ တုတ် စသည်တို့ ကိုင်ဆောင်ကာ နှစ်ဖက် အုပ်စု ခိုက်ရန်ဖြစ်ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်သည့် အကြောင်းအရင်းကိုမူ မသိရသေးဟု မျက်မြင်တွေ့ရှိသူများက ရဲတပ်ဖွဲ့ထံ ပြောဆိုသည်ဟု သတင်းများတွင် ဖော်ပြသည်။

အရက်သောက်ရာမှတစ်ဆင့် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ယူဆထားသည်။

လက်ရှိတွင် ခိုက်ရန်ဖြစ်မှု၌ ပါဝင်သူများကို စုံစမ်းရှာဖွေနေဆဲဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Matichon Online, CH 8, Khaosod, CH 7, Siam

No related posts found.