ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုဝင်ဘာ့ အပိုင်းအစ

December 13, 2025

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebook ရဲ့ Memories Option ကို သတိထားမိကြမယ် ထင်ပါတယ်။ အဲဒါက နေ့တစ်နေ့ရဲ့ လွန်ခဲ့သော နှစ်များစွာက တင်ခဲ့ဖူးတဲ့ အကြောင်းအရာအခြေအနေအားလုံးကို တစ်နေ့တည်းမှာ စုစည်းပြီး ပြန်ဖော်ပြပေးတဲ့ လုပ်ဆောင်မှုပါ။

ကျန်ခဲ့ပြီးသော နှစ်များရဲ့ ဒီနေ့မှာ မင်းဘာတွေ တင်ခဲ့သလဲပေါ့။ ၂၀၁၅ မတ်လလောက်ကနေစ အဲဒီလုပ်ဆောင်မှုကို စပြီး ထည့်သွင်းခဲ့တယ်ဆိုပေမယ့် စစချင်းမှာတော့ Memories ဆိုတဲ့ အသုံးမျိုးနဲ့ မဟုတ်သေးပါဘူး။ On this Day ဆိုတဲ့ အသုံးနဲ့ပါ။ Memories အနေနဲ့တော့ ၂၀၁၈ အောက်တိုဘာကနေ စပြီး ဖော်ပြပေးခဲ့တာပါ။

On this Day ပဲ ဖြစ်ဖြစ်၊ Memories ပဲဖြစ်ဖြစ်။ သေချာတာတစ်ခုက အဲဒီအပိုင်းဟာ သုံးစွဲသူများအတွက်‌ အမှတ်တရဘဏ်တစ်ခုဖြစ်နေတယ်ဆိုတာပါပဲ။ အမှန်တိုင်းဝန်ခံရရင် ဒီလုပ်ဆောင်မှုကို ကျွန်တော်စပြီး သတိထားမိလာတာက ၂၀၂၀ နောက်ပိုင်းမှပါ။ သတိထားမိပြီးနောက် လုပ်ဖြစ်လာတာ တစ်ခုက နေ့သစ်တစ်နေ့မှာ Facebook စပြီးသုံးဖြစ်ပြီဆိုရင် ပထမဆုံးလုပ်ဖြစ်တာက Memories Option ထဲဝင်ပြီး နှစ်ဟောင်းတွေမှာ ဘာတွေရှိခဲ့လဲဆိုတာကို ပြန်ပြန်ကြည့်ဖြစ်တာပါ။

အဲလို ကြည့်ဖြစ်တာက ရက်မှလ၊ လမှ နှစ် ဖြစ်လာတော့ ကျွန်တော့်အတွက် အလေ့အကျင့်တစ်ခုဖြစ်လာတယ်။ ခုနောက်ပိုင်း ဘယ်လောက်အထိလဲဆိုရင် မနက်ခင်းမှာ ဖုန်းကိုင် ၊ Facebook ဖွင့်မိတာနဲ့ ကျန်တာတွေ အပထားပြီး Memories ထဲ ဝင်တာကို ကျွန်တော့်ဦးနှောက်ကို ကျွန်တော်မခိုင်းဘဲနဲ့တင် ကျွန်တော့်လက်ကြွက်သားတွေက သူအလိုလိုတောင် အလုပ်လုပ်တတ်နေပါပြီ။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။

ဒီနေ့ ကျွန်တော် ဖုန်းဖွင့်ပြီး Facebook သုံးဖြစ်တာက မနက် ၇ နာရီ ထိုးခါနီးလေး။ ။ ထုံးစံအတိုင်းပါပဲ။ Facebook ထဲ ရောက်တာနဲ့ ကျွန်တော်ရဲ့ လက်ကြွက်သားတွေက Memories ဆီ တန်းတန်းမတ်မတ်ပါပဲ။ ဒီတော့လည်း ၂၀၂၄ ကနေ ၂၀၁၇ အထိ ကြီးစဉ်ငယ်လိုက်သော သက္ကရာဇ်အရ ကျွန်တော် ဘာတွေများတင်ခဲ့လဲဆိုတာတွေကို မပျင်းမရိ လိုက်ကြည့်ဖြစ်တယ်။

“ ပထမဆုံးအကြိမ် မဲပေးခွင့်ရသည့်နှစ်၌ မဲရုံမှူးဖြစ်ခွင့်ကိုပါ ရခဲ့သော မိမိ” ဆိုတဲ့ စာသားလေးကို 2020 General Election ဆိုတဲ့ စာသားပါဆွဲကြိုးလေးရယ်၊ မဲရုံမှူးကတ်ပြားရယ်၊ မင်စွန်းနေတဲ့ လက်သန်းလေးရယ်ကို တွဲပြီး ၂၀၂၀၊ နိုဝင်ဘာ ၉ ရက်နေ့က ကျွန်တော် တင်ထားခဲ့ဖူးတာဆီရောက်တော့ ကျွန်တော့်လက်ကြွက်သားတွေက ဖုန်းမျက်နှာပြင်မှာ တန်းခနဲ ရပ်လိုက်မိသွားတယ်။ တစ်ဆက်တည်းမှာပဲ အတွေးတချို့ နဲ့ အမှတ်တရတချို့က ခေါင်းထဲ စီစီရီရီပဲ စီးဝင်လာကြတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ကျွန်တော်ဟာ တစ်ခါမှ ဆန္ဒမဲ မထည့်ဖူးသေးပါဘူး။ အဲဒီတော့ တချို့က ၂၀၂၀ မှာမှ အသက် ၁၈ နှစ်ပြည့်တာလားဆိုပြီး တွေးပါလိမ့်မယ်။ မဟုတ်ပါဘူး။ ၂၀၂၀ မှာ ကျွန်တော်က အသက် ၂၄ နှစ်ပြည့်ပြီးပါပြီ။ ရှေ့မှာ တစ်ခါမှ ဆန္ဒမဲ မပေးခဲ့ရဖူးတဲ့အကြောင်းအရင်းကတော့ လူမျိုးခြားဆိုပြီး ဖြစ်နေတာကြောင့် မှတ်ပုံတင်မရှိခဲ့လို့ပါပဲ။

ဒါပေမဲ့ အဖေရဲ့ ကြိုးစားပေးမှုတွေကြောင့် အခက်အခဲတွေ၊ ငွေတွေအများကြီး ပေးပြီး ၂၀၂၀ မှာတော့ မှတ်ပုံတင်ကိုင်ဆောင်ခွင့် ရနေခဲ့ပါပြီ။ တစ်ဖက်မှာလည်း ကျွန်တော်က ပညာရေးဝန်ထမ်း၊ မူလတန်းကျောင်းအုပ်တစ်ယောက်ဖြစ်နေတဲ့အခါ ရွေးကောက်ပွဲအတွက် ရွာမှာ မဲရုံမှူးတာဝန်ကိုပါ ယူခဲ့ရပါတယ်။

ဒါကြောင့် ဘော်ဒါတွေ စုံရင် “ ငါ့ကို ဘာထင်နေလဲ၊ ပထမဆုံးမဲပေးခွင့်ရတဲ့ နှစ်မှာ မဲရုံမှူးပါ ဖြစ်ခွင့်ရတဲ့ ကောင်နော်၊ ဒီနိုင်ငံမှာ ငါ့လို ဘယ်နှယောက်ရှိမလဲမသိ။ ကံကောင်းရင် ငါ တစ်ယောက်တည်းတောင် ဖြစ်နေဦးမှာဟ”လို့ နောက်ခဲ့ရသေးတယ်။ အနီးအနားက ဘော်ဒါတွေကိုကြွားရုံလားဆိုတာတော့ မဟုတ်သေးဘူးဗျ။ “ပထမဆုံးအကြိမ် မဲပေးခွင့်ရသည့်နှစ်၌ မဲရုံမှူးဖြစ်ခွင့်ကိုပါ ရခဲ့သော မိမိ” ဆိုတဲ့ စာသားကို ပုံနဲ့တွဲတင်ပြီး Facebook မှာလည်း တင်ကြွားခဲ့ပါသေးတယ်။ ကြွားခဲ့တာလေးကို ခုတင် ထိုင်ကြည့်နေတာပါ။

အဲဒီတုန်းကတော့ ဆန္ဒမဲတောင် မပေးဖူးဘဲနဲ့ မဲရုံမှူးလုပ်ရမှာဆိုတော့ လန့်တော့လန့်သားဗျ။ ဒါကြောင့်မို့ သက်ဆိုင်ရာက သင်တန်းတွေ မပေးခင်ကတည်းက အရာရာကို အမှားအယွင်းမရှိ လုပ်နိုင်ဖို့ စီနီယာတွေဆီ ဘယ်လို ဘယ်လိုတွေ လုပ်ရသလဲဆိုပြီး အင်တာတွေဗျူးပြီး စာအုပ်တစ်အုပ်နဲ့ မှတ်တမ်းတွေ ထားထားရသေး။ မဲရုံမှူးသင်တန်းတွေ ပေးပြန်တော့လည်း ကုန်းတစ်တန် ရေတစ်တန် သွားပြီး သင်တန်းတွေတက်ရ၊ ကိုယ့်မဲရုံက လက်ထောက်တွေကို သင်တန်းပြန်ပေးရ၊ တာဝန်တွေခွဲဝေပေးရနဲ့ စည်စည်ကားကားပျော်ပျော်ရွှင်ရွှင်ပါပဲ။ နိုင်ငံအတွက် အဆုံးအဖြတ်ပေးတဲ့ ပွဲကို ငါတစ်နေရာစာတာဝန်ယူနေရတယ်ဆိုတဲ့ စိတ်နဲ့တင် လူငယ်တစ်ယောက်ရဲ့ ခွန်အားတွေက ဒလဟော ပါပဲ။

မှတ်မှတ်ရရ နိုဝင်ဘာ ၇ ရက်နေ့ ညနေဘက်မှာ ကျွန်တော်အပါအဝင် မဲရုံမှာ တာဝန်ကျတဲ့ ကျွန်တော့်ကျောင်းက ဆရာမတွေ အတူကြုံခဲ့ရတဲ့ဖြစ်ရပ်လေးကခေါင်းထဲ ပြေးဝင်လာပါတယ်။ ရွေးကောက်ပွဲအတွက် နိုင်ငံတော်ကနေ သက်ဆိုင်ရာထွေအုပ်ရုံးတွေကိုပါ ပူးတွဲတာဝန်ပေးထားတယ်ဆိုပေမယ့် နယ်ဘက်ဝေးခေါင်က ရွာတွေကဆိုတော့ ထွေအုပ်က တာဝန်ရှိသူတွေတလည်း ‘ကကြီး’ နေ ‘အ’ ထိ၊ A ကနေ Z အထိ အစအဆုံးထောင့်စေနေအောင် လုပ်ဖို့ရာ အခက်အခဲတွေမှ အများကြီးပဲ။ ဒါကြောင့် ကိုယ့်မဲရုံအတွက် ထောင့်စေ့အောင် ပြင်ဖို့ရာက မဲရုံမှူး၊ လက်ထောက်မဲရုံမှူးတွေနဲ့ ဒေသခံတွေက ပိုအားစိုက်ရတယ်။

နိုဝင်ဘာ ၇ ရက် ညနေဘက်မှာ ကျွန်တော်နဲ့ကျောင်းက ဆရာမတွေ ပေါင်းပြီး မဲရုံအခြေအနေကို နောက်ဆုံးတစ်ခေါက် ပြန်စစ်ကြည့်ကြတယ်။ အဲဒီမှာ တစ်ခုကို အတူတူ သတိထားမိလိုက်တယ်။ မဲရေတွက်တဲ့နေရာအတွက် ရွာသားတွေ ဆင်ထားပေးတဲ့မီးလုံးက အခန်းနဲ့စာရင် အလင်းအားနည်းလွန်းနေတယ်။ ဒါကြောင့် မီးတွေ ထပ်ဆင်သင့်တယ်ပေါ့။ ဒီတော့ မဲရုံနဲ့ အနီးဆုံးဖြစ်တဲ့ ကျွန်တော့်အဆောင်ကနေ မီးကြိုးတွေ ထပ်သွယ်ပြီး မီးလုံးထပ်ဖြည့်ကြဖို့ ဆရာမတွေနဲ့အတူတူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ သွယ်ကြ၊ တန်းကျတယ်ပေါ့ဗျ။

အဲဒီမှာ မီးလုံးတပ်ဖို့ စားပွဲတစ်လုံးထားပြီး ကျွန်တော်က အပေါ်တက်၊ မီးကြိုးကို လှမ်းအယူ တစ်ကိုယ်လုံးဆတ်ခနဲခါပြီး ကျင်တက်သွားပါရော။ မီးကြိုးက ကျွန်တော့်လက်ကနေ စင်ထွက်သွားပြီး စားပွဲနားမှာ ပတ်ရံရပ်နေကြတဲ့ ဆရာမတွေဆီရောက်သွားပါရော။ အဲဒီမှာပဲ ဆရာမတွေပါ ထပ်ပြီး ဓာတ်လိုက်ကုန်ပါရော။ လွတ်နေတဲ့၊ စားပွဲနဲ့ ခပ်ဝေးဝေးက ဆရာမတစ်ယောက်က အမြန်ပေးပြီး မိန်းခုံကို ပြေးချမှ တော်သွားတယ်။ ဖြစ်ချင်လာတော့လည်း အဲလို အဲလို။ “တော်သေးတယ် ဆရာကြီးရယ်၊ ကျွန်မတို့ ရွာမှာ မနက်ဖြန် မဲရုံအစား အသုဘရုံ မဖြစ်သွားလို့”ဆိုပြီး ဝိုင်းဟားဖြစ်ရင်း မဲရေမယ့်နေရာကို အလင်းရောင် အကောင်းဆုံးရအောင် ပြန်လုပ်ခဲ့ကြရတယ်။

ညရောက်တော့လည်း မနက်ဖြန် နိုဝင်ဘာ ၈ အတွက်တွေးပြီး အိပ်မပျော်နိုင်။ နိုးစက်ချိန်ထားပေမယ့်လည်း နောက်ကျမှ နိုးသွားမလားဆိုတဲ့စိတ်နဲ့ အိပ်မကျ။ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ပေါ့။

“ဆရာကြီးရေ ဆရာကြီး ကျွန်မကို ကယ်ပါဦး “

ကျောင်းရှေ့ကနေ လှမ်းအော်သံကြောင့် အိပ်ရာကနေ ငေါက်ခနဲထပြီး နံဘေးမှာ အသင့်ထားထာားတဲ့ ဖုန်းနဲ့ လက်နှိပ်ဓာတ်မီးတစ်လုံး အမြန်ယူပြီး အဆောင်တံခါးကို အမြန်ဖွင့်ရတယ်။

“ဘယ်သူလဲ။ ဘာဖြစ်တာလဲ။”

“ ဆရာကြီး၊ ကျွန်မ ဆရာမ ဒေါ်—-ပါ။”

“ ဟုတ် ဆရာမ ဘာဖြစ်တာလဲဗျ”

“ ကျွန်မသား အကြီးကောင် မြိတ်မှာ ဆိုင်ကယ်တိုက်မိပြီး အသည်းအသန်ဖြစ်နေလို့ ကျွန်မသွားမှ ရမယ်။ မနက်ဖြန် မဲရုံကလည်း ရှိသေးတယ်။ ကျွန်မသွားမှဖြစ်မှာ ဆရာကြီး။ ဘယ်လိုလုပ်ကြမလဲ”

“ မဖြစ်မနေ ကိစ္စဆိုတော့ ဆရာမသွားလိုက်ပါ။ ကျန်ကိစ္စ ကျွန်တော် ကြည့်စီစဉ်လိုက်မယ်။ ခုက ဘာနဲ့ သွားမှာလဲ။ ည ၁၁ နာရီကြီးဆို‌တော့ “

“ ရတယ် ဆရာကြီး ကျွန်မ အဆင်မပြေပြေအောင် လုပ်ပြီးသွားမယ်”

“ ဒါဆိုလည်း ဂရုစိုက်သွားဗျ။ ကျွန်တော် မနက်ဖြန် ဆရာမတာဝန်အတွက် အဆင်ပြေအောင် လုပ်ထားလိုက်မယ်”

တရှိုက်ရှိုက်နဲ့ငိုပြီးထွက်သွားတဲ့ ဆရာမကို ကူဖို့တောင် ဘာမှ မစီစဉ်ပေးနိုင်ဘဲ။ မနက်ဖြန် ဆရာမနေရာ အစားထိုးလူစီစဉ်ဖို့အတွက် ညနက်သန်းခေါင်ကြီး ထစီစဉ်ရပြန်တယ်။ Plan B လုပ်ပြီး အရံတွေ လျာထားပြီးသားရှိနေလို့ လူက အသင့်သားရှိထားပြီးသားဆိုပေမယ့် တာဝန်လွဲပေးရမယ့်အရံလူကို အချိန်မီအကြောင်းကြားဖို့က ရှိသေး။ ခုတောင် သန်းခေါင်ချိန်ရောက်နေပြီ။

ဒီလိုနဲ့ မရရအောင်၊ မဖြစ်ဖြစ်အောင်စီစဉ်ရပြန်တယ်။ ဟိုလုပ် ဒီလုပ်နဲ့ အဆောင်က နိုးစက်ကလည်း သူ့တာဝန်သူကျေ ထအော်ပါပြီ။ မအိပ်လိုက်ရသော ညတစ်ညပေါ့။

ဟော—ဝေလိဝေလင်းပဲရှိသေးတယ်။ မဲရုံရှေ့မှာ လူတွေက အပြည့်။ အသက်ကြီးပိုင်းတချို့က ငါတို့ ပထမဆုံးထည့်ချင်လို့ အစောကြီးလာစောင့်တာ ချက်ချင်းထည့်ရမှဆိုတာမျိုးလည်း ရှိသေးသဗျ။ အားလုံးဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် တပျော်တပါးကြီးနဲ့ နိုဝင်ဘာ ၈ ကို လက်ကမ်းကြိုဆိုလိုက်ကြတယ်။ နောက်ပြီး စည်းကမ်းတကျပါပဲ ကိုယ့်တာဝန်ကိုယ်ကျေ ဆန္ဒမဲတွေ စီတန်းပေးကြတယ်။

အဲဒီမှာ ပြဿနာရှာသူတချို့ကိုလည်း တွေ့ရတယ်။ တချို့ အရွေးကောက်ခံပါတီတွေက ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အနှောင့်အယှက် တချို့ဖန်တီးတာမျိုး၊ သူတို့ပါတီကို မထည့်မှာကို အတိအကျခန့်မှန်းလို့ရနေတဲ့ လူတွေကို မသိမသာ ပြဿနာရှာတာမျိုးပေါ့။ တချို့ကလည်း သူ့ကိုယ်စား၊ ငါ့ကိုယ်စား ထည့်မယ်ဆိုပြီး အတင်းလုပ်၊ အသံတွေကျယ်တာမျိုးပေါ့။

ဒီလိုပဲ အဆင်ပြေလိုက်၊ ထိန်းလိုက်၊ ပြောလိုက်၊ ညွှန်ကြားလိုက်နဲ့ မဲရုံရှေ့ လူပြတ်မသွားဘဲ နိုဝင်ဘာ ၈ ရဲ့ ကုန်ဆုံးချိန်ကို ရောက်လို့ ၊ မဲတွေ ရေကြရပြန်ရော။ မဲရုံတာဝန်ရှိသူတွေ အားလုံးစနစ်တကျစီမံထားလို့ လုပ်ငန်းဆောင်တာတွေ အဆင်ပြေပြေ လုပ်နိုင်ခဲ့ပါတယ်။ ပါတီတချို့ကတော့ ပယ်မဲတချို့ကို ပြဿနာရှာတာတွေရှိတယ်။

သူတို့ပါတီကို ပေးထားရက်နဲ့ မဲစည်းကမ်းမညီညွှတ်လို့ ပယ်တာမျိုးကို လက်မခံနိုင်ဘဲ အတင်းရယူချင်တာမျိုး၊ မဲရုံမှူးထောင်ပြတဲ့ တခြားပါတီ မဲပေးထားတဲ့ မဲစာရွက်ကို မရမက အပယ်စာရင်းသွင်းအောင် လုပ်တာမျိုးတွေပေါ့။ ဒါပေမဲ့လည်း အများသဘောတူ အားလုံးက စည်းကမ်းနဲ့ သွားကြတော့ တချို့ ပြဿနာဖန်တီးသူတွေကို အသာလေးပဲ ကိုင်တွယ်နိုင်ခဲ့တယ်။

အဲဒီမှာ ရယ်စရာတွေလည်း ကြုံရသေးတယ်။ တချို့ ဆန္ဒမဲပေးသူတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို မဲမပေးဘဲ၊ မဲရုံမှူးလက်မှတ်နံဘေးမှာ မဲလာပေးထားသဗျ။ အဲလို မဲမျိုးကြုံရင် “ ဆရာကြီးတစ်မဲရသွားပြီဟေ့”ဆိုပြီး ရွာသားတွေက ဝိုင်းအော်ကြရော။ မှတ်မှတ်ရရပါပဲ။ အဲဒီနေ့က ကျွန်တော့်မှာ ငါးမဲတောင်ရသဗျို့။ မောစရာတွေထဲက ရယ်စရာ အပိုင်းအစလေးတွေပေါ့။

ဒီလိုနဲ့ မဲတွေအားလုံးရေတွက်လို့ အပြီး သန်းခေါင်ကျော်ချိန်လောက်မှာ ရလဒ်တွေကြေညာချိန်ရောက်တော့လည်း မဲရုံရှေ့မှာ ပရိသတ်တွေက အုံနဲ့ကျင်းနဲ့။ အများပြည်သူတွေ မျှော်လင့်ထားတဲ့ ရလဒ်ဖြစ်တာကြောင့် တစ်ရွာလုံးက အောင်သံတညံညံနဲ့။

ရွာမှာ ကိစ္စတွေပြတ်တော့ ကျန်လုပ်ငန်းကိစ္စတွေအဆုံးသတ်ဖို့ မဲဆိုင်ရာတွေ အားလုံးထုပ်ပိုးပြီး ထွေအုပ်ရုံးရှိရာဆီကို သွားဖို့ အတွက် လှေနဲ့ခရီးဆက်ရပြန်တယ်။ အချိန်က နောက်တစ်နေ့တောင်ကူးပြီးနေပြီ။ မဲစာရွက်တွေမို့ လှေထဲမှာလည်း သက်ဆိုင်ရာ ထုပ်ပိုးမှုအလိုက်ကို မျက်ခြေကမပြတ်ရဲ၊ ရေကြောင်းခရီးလည်း ဖြစ်တော့ အစစအရာရာ သတိထားနေရ။

ထွေအုပ်ရုံးရှိရာဆီရောက်တော့ မနက်တောင် အတော်လင်းနေပြီ။ လှေဆိပ်မှာ လှေကပ်တော့ လှေပေါ်ကနေ အဆင်း လူက လေထဲ ပျံနေသလိုလိုကြီး ခံစားရတယ်။ အတော်ကို ပြန်ထိန်းပြီး လုပ်စရာရှိတာတွေ အဆုံးသတ်ရတယ်။ ဘဝမှာ နှစ်ညတိတိ မအိပ်မနေဘဲ အလုပ်လုပ်ခဲ့ရဖူးတာဆိုလို ဒီရွေးကောက်ပွဲ မဲရုံမှူးအလုပ်ပဲ ရှိသေးတယ်။ မဲစာရင်းတွေ ရေတွက်တုန်းကလည်း အသံကျယ်ကျယ်သုံးထားရလို့ အသံတွေကလည်း သိပ်မရှိချင်တော့။

မဲရုံကိစ္စတွေအားလုံးလက်စသတ်ပြီး လှေနဲ့ ရွာကို ပြန်တော့ နိုဝင်ဘာ ၉ ရဲ့ နေက ညှိုးကျနေပြီ။ မောရပန်းရမှန်းမသိ ဖြတ်သန်းပိုင်ဆိုင်ခဲ့ရတဲ့ အမှတ်တရတွေ။ “မောတော့မောတာပေါ့ ၊ ဒါပေမဲ့ မမောဘူး”ဆိုတဲ့ သီချင်းစာသားလိုပေါ့။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေဟာ မသမာဘူးဆိုပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ စစ်တပ်က ကြေညာချက်ထုတ်ပြန်ပြီး အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ ကိုယ်တိုင်ကလည်း ဒီလောက် အသေအချာ မအိပ်မနေလုပ်ပြီး၊ အများအရှေ့မှာ ပွင့်လင်းမြင်သာအောင်ချပြခဲ့တာတောင်၊ ငါတို့က မသမာဇာတ်အသွင်းခံရခြင်းလို့ ခံပြင်းပြီး ဒီအခြေအနေကြီး အရင်လို ပြန်မဖြစ်ရင် ဒီကျောင်းဆရာအလုပ်ကို ဆက်မလုပ်တော့ဘူးလို့ အိမ်တွင်းမှာ အတိအလင်းကြေညာချက် ထုတ်ပစ်ခဲ့တယ်။ အဖေနဲ့အမေအပါအဝင် တစ်အိမ်လုံးက မလုပ်တော့နဲ့ထွက်၊ ငါတို့ တင်ကျွေးထားမယ် အားပေးတော့ ရပ်တည်ချက်က ပိုလို့တောင် ခိုင်မာသွားတယ်။ အခုချိန်အထိပါပဲ။

Facebook ရဲ့ Memories ကျေးဇူးနဲ့ အတိတ်ကို ပြန်မျှောကြည့်တော့မှ အရင်က မျှော်လင့်ချက် အရောင်တောက်တောက်တွေကို မှန်းမျှော်ရင်း “မောတော့မောတာပေါ့ ၊ ဒါပေမဲ့ မမောဘူး”လို့ ဗျို့ဟစ်ခဲ့ခြင်းကို အခုလက်ရှိ အခြေအနေနဲ့ တိုက်ကြည့်၊ သက်ပြင်းရှည်ကို ဆွဲချဖြစ်တယ်။ ငါးနှစ်တာ ကာလအတွင်းမှာ အရာအားလုံးဟာ ဗလာကျင်းနေပြီမလား။

“သက်ပြင်းထိုင်ချမနေနဲ့၊ ရော့— ဒီမှာကြည့်”

ကျွန်တော် facebook ပွတ်ရင်း အတွေးများနေတာ ဘယ်လောက်များ ကြာသွားပြီမသိ။ ကျွန်တော့်အနား အဖေလာရပ်နေတာတောင် သတိမထားမိလိုက်။ အဖေကမ်းပေးလာတဲ့ ဖုန်းကို ယူကြည့်တော့ စာရွက်လေးတစ်ရွက်ကို ရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံက အသင့်သား။

“ လွတ်တော်ရွေးကောက်ပွဲမဲဆန္ဒရှင်များစာရင်း

၂၀၂၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ မဲဆန္ဒရှင်စာရင်း”တဲ့။

အဖေပုံရိုက်လာတဲ့အမည်စာရင်းမှာ ကျွန်တော်နာမည်ကိုလည်း အထင်းသားတွေ့လိုက်ရတော့ အလိုအလျောက် ပြုံးဖြစ်သွားတယ်။

တရားသောအားဖြင့် အဆုံးသတ်အဖြေထွက်ထားတဲ့ ဆန္ဒမဲရွေးကောက်ပွဲအမှတ်တရတွေအကြောင်း ထိုင်တွေး နေတုန်းမှာ မတရားသဖြင့်ကြေညာထားတဲ့ မဲဆန္ဒရှင်စာရင်းက ရောက်လာရလေခြင်းပေါ့။

ဘရိုင်ယံရိန်း