BREAKING
November 13, 2025

ဘန်ကောက်တွင် မြန်မာ သူငယ်ချင်း အချင်းချင်း ဘတ်သိန်း ၁၀၀ ခိုးယူမှု သုံးဦးဖမ်းဆီးခံရ

November 13, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားအချင်းချင်း ဘတ်ငွေ သိန်း ၁၀၀ ခိုးယူမှုဖြစ်ပွားပြီး သံသယရှိသူ မြန်မာသုံးဦး ဖမ်းဆီးခံရကြောင်းဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၉ ရက်က ဘန်ကောက်မြို့ ဖတ်ခနုံဒေသရှိ လင်းန မြန်မာအလုပ်သမား အကျိုးဆောင်အေဂျင်စီ ဖွင့်လှစ် လုပ်ကိုင်နေသူများ၏ တိုက်ခန်းတွင် ပိုင်ရှင်များ ခရီးသွားနေချိန် ဘတ် သိန်း ၁၀၀ ခိုးယူခံရခြင်းဖြစ်သည်။

ဘတ် သိန်း ၁၀၀ ခိုးယူခံရမှုကို ပိုင်ရှင် လင်းနဖြစ်သူက နိုဝင်ဘာလ ၁၀ ရက်တွင် သိရှိခဲ့ပြီးနောက် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၁၁ ရက်တွင် ခိုးယူမှုဖြင့် မြန်မာသုံးဦးကို ဘန်ကောက်ရှိ ဟိုတယ်တစ်ခုတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများသည် အသက် ၂၉ မှ ၃၅ အရွယ်များဖြစ်ကြသော မသဲငုံဖူး၊ မနှင်းဖြိုးဝေဇာဦး၊ မောင်မင်းဘိုအောင်တို့ ဖြစ်ကြကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

၎င်းတို့နှင့်အတူ ဘတ်ငွေ ၈၈ သိန်း ပြန်လည်ရရှိခဲ့ပြီး ကား၊ ခိုးယူထားသော ငွေဖြင့် ဝယ်ယူထားသည် အိုင်ဖုန်းနှင့် ရွှေထည်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ မြန်မာသုံးဦးသည် ပိုင်ရှင်ဖြစ်သူ လင်းနနှင့် သူငယ်ချင်းမိတ်ဆွေများဖြစ်ကြပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် အဆိုပါ မြန်မာသုံးဦးကို ညအချိန် ခိုးယူမှု၊ အဆောက်အအုံ ဖျက်ဆီးဝင်ရောက်မှုနှင့် ဗီဇာသက်တမ်း ကုန်လွန်နေထိုင်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြသည်။

Ref: CH 7, Khaosod, Daily News