မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက် စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် ရေးမြို့နယ်မြောက်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ခန့်မှန်းအင်အား ၄၀၀ နှင့် ၅၀၀ ကြားရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက စစ်ကြောင်း သုံးကြောင်းဖြင့် ရေးမြို့မှ သံဖြူဇရပ်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။
ထိုစစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်နေပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကနင်ကမော့ကျေးရွာ၊ အောင်သာယာနှင့် လိမ္မော်ခြံကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့တွင်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောသည်။
“ရေးမြို့ကနေ မြောက်ပိုင်း၊ သံဖြူဇရပ်မြို့နယ် တောင်ပိုင်းအထိ စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးလာပါတယ်။ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အောက်တိုဘာ ၁၁၊ ၁၂ နှစ်ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ စကစဘက်က အထိနာနေပါတယ်” ဟု ဗိုလ်ရန်နိုင်က ပြောသည်။
စစ်ကော်မရှင် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖြစ်သည့် ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF၊ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ MSRF နှင့် မဟာမိတ်တက်များဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ဖြစ်သည့် တပင်ရွှေထီးတပ်ဖွဲ့၊ စစ်ဗျုဟာ ၃၃ ခြေမှုန်းရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ်သည်။
ဒေသတွင်း စစ်ကော်မရှင် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့်အတွက် သွားလာရေး သတိထားနေရကြောင်း ဒေသခံတို့က ပြောသည်။
“တိုက်ပွဲ နေ့တိုင်းဖြစ်နေတော့ အသွားအလာတွေလည်း သတိထားနေရတယ်။ သွားရမယ်ဆိုရင်လည်း လမ်းအခြေအနေ သေချာစုံစမ်းပြီးမှ သွားကြဖို့ပါ။ တိုက်ပွဲက အချိန်မရွေး ထဖြစ်နိုင်တယ် လမ်းမှာ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး မကြာခဏစစ်ကြောင်းထိုး လေ့ရှိသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ခုခံတိုက်ခိုက်နေသည့်အတွက် အမှတ် (၈) ပြည်ထောင်စုလမ်းကို စစ်ကော်မရှင်က ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိပေ။
လက်ရှိတွင် ရွေးကောက်ပွဲလည်း နီးကပ်လာသည့်အတွက် အမှတ် (၈) ပြည်ထောင်စုလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်က အသည်းအသန် ကြိုးပမ်လာနေသည့်အခြေအနေကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ဒေသခံတို့က သုံးသပ်ကြသည်။







