ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လှေမှောက်သဖြင့် ၃ ဦး သေဆုံးခဲ့ရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့က စန်ခရာဘူရီဒေသရှိ ဝချီရာလောင်ကွန်း ရေလှောင်ကန်ထဲတွင် မြန်မာနိုင်ငံသား ၃ ဦး၏ အလောင်းကို တွေ့ရှိရသည်ဟု သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
သေဆုံးသူများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးရှိပြီး အလောင်းများသည် ရေလှောင်ကန်ထဲတွင် ပေါလောပေါ်နေသည်ကို တွေ့ရှိခဲ့သဖြင့် ကမ်းပေါ်သို့ ဆယ်ယူခဲ့ရဟုဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလ ၉ ရက်နေ့ညက မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာကြပြီး ကန်အတွင်း လှေဖြင့်သွားစဉ် သစ်ပစ်ငုတ်နှင့် တိုက်မိပြီး လှေမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက် အရသိရသည်။
လှေသည် နောလူရွာရှိ လှေဆိပ်မှ မြန်မာနိုင်ငံသား ၂၂ ဦးကို တင်ဆောင်လာခြင်းဖြစ်ပြီး ညဘက်အချိန် လှေမှောက်ခဲ့သဖြင့် လှေပေါ်ပါ မြန်မာနိုင်ငံသားများ ရေနှင့် မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းမှုရလဒ် အရ ရဲတပ်ဖွဲ့ကဆိုသည်။






စက်တင်ဘာလ ၁၂ ရက်နေ့တွင်မူ ရွာသားများက ရေပေါ် ပေါ်လာသော အလောင်းများကို တွေ့ရှိခဲ့သဖြင့် အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ လှေမှောက်ချိန် မျောပါသွားသော မြန်မာနိုင်ငံသားများ၏ အရေအတွက်ကို တိတိကျကျ မသိရသေးဟု ထိုင်းသတင်းများအရသိရသည်။
သေဆုံးသွားသော မြန်မာနိုင်ငံသားများ၏ အလောင်းများကို စန်ခရာဘူရီဆေးရုံသို့ ပို့ဆောင်ထားပြီး နောက်ထပ် ကျန်ရှိသူရှိမရှိ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ကပင် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသော မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံရသေးသည်။
ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသသို့ တရားမဝင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုများသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက် များပြားနေပြီး ပြီးခဲ့သောလက ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံသားဖမ်းဆီးခံရမှု ထောင်ချီအထိ ရှိလာခဲ့သည်။
Ref: Naewna, โจโฉ, INN news







