BREAKING
June 14, 2025

မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီက တပ်အင်အားတိုးလိုက်၍ ဒေသခံများ စိုးရိမ်

June 13, 2025

ပုံစာ - ရာမညမွန်တပ်တော် စစ်ကြောင်း။ ဓာတ်ပုံ - ရာမညမွန်တပ်တော်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ နှီးပဒေါ၊ ရောင်းဒေါင်း၊ ကွမ်လှာကျေးရွာ တစ်လျှောက်တွင် စစ်ကောင်စီတပ် အင်အားအလုံအရင်း တိုးချထားသည့်အတွက် တိုက်ပွဲထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

ဇွန်လ ၁၁ ရက်နေ့က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာနှင့် နှီးဗဒေါကျေးရွာကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီက တပ်အင်အားအများ တိုးချထားကြောင်း၊ ကားလမ်းဘေးတွင် တပ်စွဲထားသလို ကားလမ်းတစ်လျှောက် ကင်းပုန်းနေသည်လည်းရှိကြောင်း ဒေသခံနှင့် လမ်းသွားလမ်းလာတို့ထံမှ သိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ စစ်သားတွေ အများကြီး ထပ်ရောက်လာတယ်။ တိုက်ပွဲမဖြစ်ခင်ကလည်း ရှိတယ်။ အခု ထပ်ရောက်လာတယ်။ စစ်တပ်ရှိနေရင် တိုက်ပွဲ ထပ်ဖြစ်လာနိုင်တယ်လေ တိုက်ပွဲဖြစ်ရင် တိုက်ပွဲက အဲလောက် မကြောက်ဘူး။ လက်နက်ကြီးနဲ့ လှမ်းပစ်လာမှာကိုပဲ ကြောက်တယ်။ ဟိုနေ့တိုက်ပွဲမှာလည်း အဘစ်ကနေ လှမ်းပစ်တာ ရော်ဘာခြံထဲ ကျကွဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း လမ်းလုံခြုံရေးဆောင်ရွက်ရန် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့် စီးနင်းလာသည့် ကားတစ်စီးကို ရာမညမွန်တပ်တော် (NMSP-AD/RMA) က ရောင်းဒေါင်းကျေးရွာနှင့် နှီးဗဒေါကျေးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် ရာမညမွန်တပ်တော်တို့ကြား တစ်နာရီဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ အဘစ်အမြှောက်တပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“စစ်တပ်က ဘယ်လောက်ထိလဲ သေလား ဒဏ်ရာရလားဆိုတာ ဘယ်သူမှလည်း မပြောရဲဘူး။ ရွာကကားကို ခေါ်ပြီးတော့ ထိထားတဲ့ စစ်သားတွေကို သယ်ခိုင်းတာတော့ ရှိတယ်။ ပစ်ခံထိတဲ့ကားကတော့ အဲလမ်းမှာပဲ ပစ်ထားတာ။ ထိထားတဲ့ကားကိုကြည့်ရင် လူလည်း တော်တော်ထိမယ် ထင်တယ်” ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲကို ရာမညမွန်တပ်တော်ဘက်က လက်ဦးမှုရယူနိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားကြောင်း ထိခိုက်သေဆုံးမှု အရေအတွက်ကို စိစစ်ဆဲဖြစ်ကြောင်း ရာမညမွန်တပ်တော်က ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် ရာမညမွန်တပ်တော် (NMSP-AD/RMA) ဘက်မှ ဒုဗိုလ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု ရာမညမွန်တပ်တော်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း ရောင်းဒေါင်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦး သေဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မုဒုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် NMSP-AD က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီ ယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။