BREAKING
June 14, 2025

ဘန်ကောက်အနီး ဈေးထဲထိုင်းရဲဝင်ဖမ်း၊ မြန်မာအပါအဝင် ၂၀ ဦး ဖမ်းဆီးခံရ

June 13, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထူဘရီခရိုင်ရှိ ဈေးထဲကို ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ နံနက် ၁ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ ညဘက်ဈေးဖြစ်သော ဘန်းယိုင်ဈေးထဲသို့ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့များအပါအဝင် ထိုင်းအာဏာပိုင် ၂၅၀ ခန့်က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ယင်းဈေးမှာ ညဘက်တွင် အဓိကဖွင့်လှစ်ခြင်းဖြစ်ပြီး အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နှင့် အခြားပစ္စည်းပေါင်းများစွာကို ရောင်းချနေသော ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ထားသည်။

ဈေးထဲတွင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအများစု လုပ်ကိုင်နေသဖြင့် တရားမဝင် အလုပ်ခန့်ထားမှု မရှိစေရေးအတွက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးထဲ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၄၀၀ ဦး၏ အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

အများစုသည် တရားဝင် စာရွက်စာတမ်းများဖြင့် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းတို့အနက် အလုပ်သမား ၂၀ ဦးက တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ဟုဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် မြန်မာ ၁၅ ဦး၊ လာအို ၄ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ပါဝင်ကြောင်း သတင်းအရသိရသည်။

၎င်းတို့ကို ဘန်းယိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကာ နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဟုဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတဝန်း လုပ်ငန်းခွင်များထဲတွင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်နေသူများကို စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေပြီး ဖမ်းဆီးအရေးယူမှုများ ရှိနေသည်။

ပြီးခဲ့သော ဇွန်လ ၉ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရပြီး ဇွန်လ ၁၁ ရက်နေ့ကလည်း ချွန်ဘူရီရှိ လုပ်ငန်းခွင်များထဲတွင် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Khaosod English, Naewna