ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် ၇၀နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဝရမ်းထုတ်ထားခံရသော မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံသားကို သတ်ပြီးထွက်ပြေးမှုဖြင့် အသက် ၂၃နှစ်အရွယ် ကိုစိုင်းဟန်အား ထွန်ဘူရီတရားရုံးက မေလ ၁၀ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ကိုစိုင်းဟန်ကို ဘန်ကောက်ရဲစခန်းက ဓာတ်ပုံနှင့်တကွ ဆုငွေ ဘတ် ၂၀၀၀၀ ဖြင့် ဝရမ်းထုတ်ရှာဖွေနေပြီးနောက် သုံးရက် အကြာ မေလ ၁၂ရက် ည ၈နာရီတွင် ဘန်ကောက်မြို့ ဝတ်တနနယ်မြေ အွန်နုလမ်းထဲတွင် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။
ကိုစိုင်းဟန်သည် အခင်းဖြစ်သော မေလ ၁၀ ရက်က ဘန်ခေးနယ်မြေရှိ ၎င်း၏ ကိုယ်ဝန်သည်ဇနီးဖြစ်သူ နေထိုင် လုပ်ကိုင်နေသော ထိုင်းအလုပ်ရှင်အိမ်သို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူနှင့် လာတွေ့ခဲ့သည်။
ဇနီးဖြစ်သူနှင့် စကားများကြပြီးနောက် သူမကို သတ်ဖြတ်မည် ပြောဆိုသဖြင့် ထိုင်းအလုပ်ရှင်က ကိုစိုင်းဟန်ကို အိမ်အပြင်နှင်ထုတ်ခဲ့ပြီး အထဲသို့ ပြန်မဝင်ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ထို့နောက် ကိုစိုင်းဟန်က အလုပ်ရှင်၏ သေနတ်ကို လုသဖြင့် အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ကြရာမှ သေနတ်က ကျည်ထွက်သွားပြီး အလုပ်ရှင်မှာ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဆိုသည်။
လူသတ်မှုဖြစ်ပြီးနောက် ကိုစိုင်းဟန်က ထိုင်းအလုပ်ရှင်၏ ကားကို ယူကာ ထွက်ပြေးသွားခဲ့ပြီး မေလ ၁၂ရက် နေ့လယ်ပိုင်းတွင် လမ်းဘေးစွန့်ပစ်ထားသော ကားကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့နောက် ၎င်းကို CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာဖမ်းဆီးနိုင်ခဲ့ပြီး ဖက်ကစန်ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသော ကိုစိုင်းဟန်၏ ဇနီးဖြစ်သူသည် သေဆုံးသွားသော ထိုင်းအလုပ်ရှင်၏ မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်သည့် အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်။
ကိုစိုင်းဟန်၏ ဇနီးဖြစ်သူကလည်း ထိုင်းနိုင်ငံထဲ တရားမဝင် နေထိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ဇနီးဖြစ်သူက သေဆုံးသွားသော အလုပ်ရှင်၏ မိသားစုဝင်များကို တောင်းပန်ကြောင်း ပြောဆိုထားသည်။
Ref: Khaosod English, mcot