ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် စက်သုံးဆီ ပြင်ပေးစျေး တစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်ရ

March 13, 2026

ပုံစာ - ပေါင်မြို့နယ်အတွင်း ပိတ်ထားသည့် ဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Paung Daily

မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှု ကန့်သတ်လိုက်ပြီးနောက် ပြင်ပစျေးကွက်တွင် ဆီတစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်နေရကြောင်း သုံးစွဲသူများထံမှ သိရသည်။

မွန်တွင် မတ်လ ၇ရက်ကစပြီး ယာဉ်များကို စုံ၊ မ စနစ်ဖြင့် စက်သုံးဆီရောင်းချရန် စစ်ကော်မရှင်က ကန့်သတ်ခဲ့ကြောင်း သုံးစွဲသူ ဒေသခံများက ပြောသည်။

ယင်းအပြင် ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ အိုးဝေ/သုံးဘီးတစ်စီး တစ်သောင်းကျပ်၊ အိမ်စီးကား သုံးသောင်းကျပ်၊ ခရီးသည်တင်ယာဉ် တစ်သိန်းကျပ်၊ ပရီမီယံ ဒီဇယ် ကားနံပါတ်အနီ လေးသောင်းကျပ်၊ ကားနံပါတ်အနက် သုံးသောင်းကျပ်ဖိုးသာ ရောင်းချရန်လည်း ကန့်သတ်ထားကြောင်း ၎င်းတို့က ဆိုသည်။

စက်သုံးဆီ လိုသလောက် ဝယ်မရခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရခြင်း၊ ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ပြီး အရောင်းပိတ်ထားခြင်း စသည်တို့ကြောင့် သုံးစွဲသူများသည် ပြင်ပ‌စျေးကွက်ကို အားထားလာရကြောင်း သုံးစွဲသူ ဒေသခံများက ပြောဆိုသည်။

ပြင်ပဆီစျေးကွက်တွင် စျေးနှုန်း အဆမတန် တင်ရောင်းလာကြကြောင်း ၎င်းတို့က ဆိုသည်။

“ဆီဆိုင်တွေမှာ ဆီမရှိပေမယ့် အပြင်မှာဆို လိုသလောက် ဝယ်ယူလို့ရနေတယ်။ စျေးတော့ ကြီးတာပေါ့လေ” ဟု သံဖြူဇရပ်ဒေသခံ သုံးစွဲသူတစ်ဦးက ပြောသည်။

ဆီအရောင်းဆိုင်များ ဆိုင်မပိတ်ဘဲ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချရန်၊ ဆီကို ပုံး/ပေပါဖြင့် ရောင်းချခြင်း လုံးဝ မပြုလုပ်ရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်လည်း စစ်အာဏာရှင်က ညွှန်ကြားထားသည်။

သို့သော် ဆီဆိုင်အချို့မှာ ပိတ်ထားသည်ကို တွေ့ရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“ဆီဆိုင်တွေမှာ ဆီမရှိလို့ ဆီပြတ်သွားလို့ အခုလို ပိတ်ထားကြတယ်လို့တော့ သိရတယ်။ ဆိုင်အချို့ကတော့ အရောင်းအဝယ် လုပ်နေတာတော့ရှိတယ်။ ဒါပေမဲ့ တန်းစီးနေရင်း ကိုယ့်အလှည့်ရောက်မှ ဆီက ကုန်သွားတာမျိုး အဲဒီလိုလည်း ကြုံနေရတယ်။ ပြောရရင် ဆီဆိုင်တွေမှာလည်း ဆီအလုံအလောက်မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

စုံ၊ မ စနစ်ဖြင့် သတ်မှတ်ချက်ကြောင့် စုံ၊ မ ယာဉ်များသာမက လိုင်စင်မဲ့ယာဉ်များ ဆီရရှိရန် ပြင်ပဆီစျေးကွက်ကိုသာ အာထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆီ အရောင်းဆိုင်များ၌ ယနေ့ မတ်လ ၁၃ ရက်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၃၀၀ နှင့် ၃၅၀၀ ကြားရှိနေပြီး ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၀၀၀ နှင့် ၄၃၀၀ ကြား အရောင်းအဝယ်ပြုလုပ်နေကြသည်။