စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပြီးဖြစ်ရာ လွှတ်တော်များခေါ်ယူရန် လုပ်ဆောင်နေရာတွင် တနင်္သာရီတိုင်း လွှတ်တော်အတွက် စစ်အရာရှိ ၇ ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင်က ကြေညာခဲ့သည်။
ယင်း ၇ ဦးမှာ စစ်အာဏာရှင် ကြည်းတပ်မှ ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ရေတပ်မှ ဗိုလ်ကြီး ၁ ဦး၊ လေတပ်မှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့ ဖြစ်ကြသည်။
စစ်အာဏာရှင် ကြည်းတပ်မှ တိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြေညာခံရသည့် ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် ဗိုလ်မှူးကြီး အောင်ကိုလတ်တို့မှာ တနင်္သာရီတိုင်းရှိ လက်ရှိ စစ်အာဏာရှင်တပ်၌ တာဝန်ထမ်းဆောင်နေဆဲ အရာရှိများ ဖြစ်သည်။
ရွေးကောက်ပွဲဝင်ရန် အရပ်ဘက်သို့ ပို့လိုက်သည့် ယခင် တိုင်းစစ်ကော်မရှင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၏ နေရာတွင် ဗိုလ်မှူးကြီး သိန်းဇော်မြင့်ကို အစားထိုး ခန့်အပ်ကြောင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် ညပိုင်းတွင် စစ်ကော်မရှင်က ကြေညာခဲ့သည်။
ဗိုလ်မှူးကြီး သိန်းဇော်မြင့်သည် စစ်အာဏာရှင်တပ်၏ ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)၊ ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ငါးဦးမြောက် တိုင်းစစ်ကော်မရှင် နယ်လုံဝန်ကြီး ဖြစ်လာသူဖြစ်သည်။
တိုင်းလွှတ်တော်သို့ အချိုးကျစနစ် (PR) ဖြင့် ဝင်ပြိုင်သည့် နယ်လုံဝန်ကြီးဟောင်း ဦးမင်းမင်းလတ်ကိုလည်း စစ်ကော်မရှင်က အချိုးကျ ရာခိုင်နှုန်းဖြင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာထားသည်။
နောက်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး အောင်ကိုလတ်မှာမူ စစ်အာဏာရှင်တပ် စစ်ဗျူဟာအခြေချအဖွဲ့ (ကော့သောင်း) ၏ လက်ရှိ ဗျူဟာမှူးဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တနင်္သာရီမြို့နယ်၌ စစ်အုပ်ချုပ်ရေး ကြေညာထားစဉ်အတွင်း အမှတ် (၂) စစ်နယ်မြေမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။
ကြည်းတပ်မှ နောက်ထပ် ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်းနှင့် ဗိုလ်ကြီး ဇင်ကိုမောင်တို့သည် ယခင်လွှတ်တော်များ ဖြစ်ကြသည့် ၂၀၁၀ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် တိုင်းနှင့် ပြည်နယ်လွှတ်တော်တို့၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖူးကြောင်း စုံစမ်းသိရှိရသည်။
ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်းသည် ဗိုလ်မှူးကြီးရာထူးဖြင့် ၂၀၁၀ ခုနှစ် ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး၊ အာဏာသိမ်းပြီးနောက် ဒုတိယဗိုလ်မှူးကြီးဖြစ်လာကာ ၂၀၂၃ ခုနှစ်အထိ ရန်ကုန်တိုင်း လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဖြစ်ခဲ့ဖူးသူဖြစ်သည်။
ဗိုလ်ကြီး ဇင်ကိုမောင်သည်လည်း ၂၀၂၀ ခုနှစ် လွှတ်တော်သက်တမ်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
နောက်ထပ် တိုင်းလွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကြေညာခံရသည့် စစ်အာဏာရှင် လေတပ်မှ ဗိုလ်မှူး မျိုးသက်ဦး၊ ဗိုလ်ကြီး သက်ပိုင်မိုးနှင့် ရေတပ်မှ ဗိုလ်ကြီး မင်းပြည့်တို့၏ အသေးစိတ် အချက်အလက်များကိုမူ အတည်ပြုနေဆဲ ဖြစ်သည်။
စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲ အပိုင်းသုံးပိုင်း ကျင်းပပြီးနောက် ယခုနှစ် မတ်လတွင် အစိုးရသစ်ကို ဖွဲ့စည်းနိုင်မည်ဟု ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ထုတ်ဖော်ပြောဆိုထားဖူးသည်။







